Monday, November 5, 2012

+++ဖြူစင်ချစ်ခြင်းဆောင်နှင်းမိလေတော့...+++

ကိုကို..
အချစ်ဆိုတာရယူခြင်းလား
ပေးဆပ်ခြင်းလား
ညီမလေးရေရေရာရာမသိပေမယ့်
ကိုကို့ အချစ်တွေမှာငြိတွယ်နေမိတာကတော့
သေချာနေခဲ့ပါတယ်ကိုကို..။

ကိုကိုကမေးတယ်နော်..
"ကိုကို့ ကိုသတိရလား" တဲ့..
သတိရတယ်ဆိုတာထက်
ပိုမိုလေးနက်လှိုက်မောတဲ့သတိရခြင်းတွေ
အချိန်တိုင်းလိုလိုဖြစ်တည်နေတယ်ဆိုတာ
ညီမလေးမငြင်းချင်ပါဘူးကိုကို..။

ကိုကို့ကိုချစ်မိတာ..
ရူးသွပ်တယ်ပဲဆိုချင်ဆို
မိုက်မဲတယ်ပဲပြောချင်ပြော..
ညီမလေးကိုယ်တိုင်ကိုက
ကိုကို့ နှလုံးသားပစ်ကွင်းထဲတိုးဝင်ချင်နေတဲ့
သားကောင်သက်သက်လေ...။
(ဒီ့အတွက်ကိုကို့ နာကျင်စေခဲ့မယ်ဆိုတာ...မတွေးမိခဲ့ရိုးအမှန်ပါ)

တကယ်တော့ ညီမလေးက
ပိုးဖလံတစ်ကောင်ရဲ့အသိမရှိတဲ့ဦးနှောက်နဲ့ 
ကိုကို့ ဘ၀ထဲကိုဝင်လာခဲ့မိတာပါ...
ဒါပေမယ့်ကိုကိုရယ်..
ချစ်တာအပြစ်လားနော်..။
(ဒီ့အတွက်ကိုကိုညီမလေးကိုအပြစ်တင်ချင်နေလားဟင်..။)

အရိုးသားဆုံးဝန်ခံရရင်..
ပကတိတန်ဖိုးတွေနဲ့ထုံမွှမ်းထားတဲ့
ရင်ခုန်သံနဲ့ကိုကို့ကိုငြိတွယ်မိခဲ့တာပါကိုကို..
ခုလိုချစ်နေခွင့်ရနေတာလေးကိုပဲကျေနပ်နေမိတာပါ
ကိုကို့ ဘ၀ရဲ့အစိတ်လေးအပိုင်းလေးတစ်ခုအဖြစ်
ပါဝင်ခွင့်ရလို့  ပျော်ရွှင်နေမိတာပါ...။

ကိုကို..
ဘ၀ဆိုတဲ့ဒိုင်ယာရီမှာ
စာမျက်နှာတစ်ခုဖွဲ့ ဆိုကြေးဆိုရင်
အဲဒီစာမျက်နှာရဲ့ထိပ်ဆုံးမှာ..
ကိုကိုပါဝင်နေမှာပါနော်..။
ဒါလေးကိုတော့ယုံကြည်ပေးပါ..

လွမ်းတယ်ကိုကိုရယ်..
လွမ်းနေမိတယ်လေ...
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်
ရင်နှင့်ရင်းတဲ့ဒီစကားလေးတွေကို..
ကိုကိုနားလည်နိုင်ပါစေနော်..။


{အရမ်းချစ်တတ်တဲ့ကောင်မလေးပဲ :-) }
***မင်းနေ***

2 comments:

  1. ကဗျာလေးဖတ်ရင်းမျက်ရည်ကျမိပါတယ် သိပ်ချစ်တတ်တဲ့ကဗျာတစ်ပုဒ်ပေါ့
    ကိုယ်တိုင်ရေးတာလား တစ်ခြားမထင်ပါနဲ့ဒါကမိန်းကလေးတစ်ဦးခံစားချင်ဆိုတော့လေ။ ကူးယူဖို့ခွင့်တောင်းပါရစေ တိုက်ဆိုင်လို့ပါ
    ကျေးဇူးပါသူငယ်ချင်း(M3A)

    ReplyDelete
    Replies
    1. ကျနော် ပိုင်တဲ့ ကဗျာလေးပါ ကူးယူနိုင်ပါတယ် သယ်ရင်း...

      Delete