Sunday, November 11, 2012

*****မယှဉ်ဝံ့တဲ့ အညတရ ခရေ*****

ထိုနေ့ကို ခရေ ဘယ်တော့မှ မေ့မည်မဟုတ်ပါ။  သူနဲ့ ဆုံခဲ့တဲ့နေ့တည်းက တွေ့တွေ့ချင်း ကိုကိုလို့ ခေါ်ခဲ့မိတာ မှတ်မိသေးသည်။အသက်က ငါးနှစ်လောက်ကွာသည်။ ခရေက အိမ်မှာ အငယ်ဆုံး၊ အစ်ကို လိုချင်သူဆိုတော့ ပြည့်စုံသွားသလိုဖြစ်ခဲ့သည်။ ခရေတို့အိမ်နဲ့ ၅မိနစ်လောက် စက်ဘီးစီးလျှင် ညဈေးတန်းသို့ ရောက်သည်။ခရေက ညနေခင်း ဝက်သားဒုတ်ထိုးစားချင်စိတ်ပေါက်လျှင် ညဈေးတန်းကို ရောက်နေကြဖြစ်သည်။နာမည်ငါးလုံးပိုင်ဆိုင်သော ပြင်ဦးလွင်မြို့သည် တောင်ပေါ်မြို့လေးဖြစ်သည့် အလျှောက် ညနေခင်းအချိန် အရမ်းသာယာသည်။ နာရီစဉ်အနီး လမ်းသွယ်လေးရှိ၏။ အနိမ့်အမြင့်ရှိသော ထိုလမ်းသွယ် အလယ်တွင် ဆိုင်ခန်းငယ်များ ကျောချင်းကပ်၍ အမြင့်လမ်းထိပ်မှ အနိမ့် လမ်းဆုံ မီးသတ်ရုံနား မရောက်ခင်ထိ ဖွင့်ထားကြသည်။ ထိုညဈေးတန်းတွင် ကော်ပြန့်မျိုးစုံရသည် ခေါက်ဆွဲသုတ်၊ကြာဇံသုတ်မှ အစ မြေအိုးမြည်းရှည်၊မာလာဟင်းထိ ရသည်။ ထိုထဲတွင် ခရေ အကြိုက်ဆုံးနှင့် အစားဖြစ်ဆုံးမှာ ဝက်သားဒုတ်ထိုးဖြစ်သည်။ ပြီးလျှင် ဆီကြော်(ပဲနှင့်)၊အထပ်တစ်ရာကို အပြန် ပါဆယ်ဆွဲလေ့ရှိသည်။ လမ်းလယ်တွင် ဆိုင်နှစ်တန်းကျောချင်းကပ် ဖွင့်ထားသည့်အတွက် တစ်ဖက်တစ်ချက် လူသွားလမ်းကျဉ်လှသည်။ အဲ့နေ့က ခရေ ညဈေးတန်းမှာ မုန့်စားအပြီး ပါဆယ်မုန့်များယူကာ စက်ဘီးရှိရာသို့  အကူးတွင်
"ကျွီးးးးးးးးးးးး ဘုတ် "ဆိုင်ကယ် အရေးပေါ် ဘရိတ်အုပ်သံကြားလိုက်ရသည်။
"အမေ့.... " ဆိုင်ကယ်တစ်စီး ပြေးဝင်လာတာကို ခဏတာ တွေ့လိုက်ချိန် မျက်စိ စုံမှိတ်ပြီး အမေ ကို တလိုက်မိသည်။ ဘာမှ မဖြစ်မှ ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တော့ လူတစ်ယောက် ပြုံပြီးကြည့်နေတာ တွေ့လိုက်ရသည်။ သူ့ရဲ့ နှစ်လိုဖွယ်အပြုံးတွေက အရမ်းကြည့်လို့ ကောင်းလှ၏။ သူ့အား အလန့်တကြားဖြစ်စေသူကို စိတ်တို၊စိတ်ရှုပ်ပုံမပြပဲ၊ လန့်သွားသူအား အပြုံးလေးဖြင့် အလန့်ကိုပြေစေခဲသည်။သူ့ပုံစံက တည်ကြည်သည်၊ခန့်ညားသည် ကြင်နာခင်မင်တတ်ပုံရသည်။ အားပေးနှစ်သိမ့်မှုအပြုံးတွေကြား ခဏတာ နစ်မွှန်းနေခိုက်……..
"ဒီက ဘာဖြစ်သွားသေးလဲ မသိဘူး" အသံအနိမ့်အမြင့်မှန်ကန်စွာဖြင့် ရင့်ကျက်တည်ငြိမ်သော  မေးသံနှင့် အတူ ရှေ့ခြင်းထဲမှ ထွက်ကျသွားသော စာအုပ်တွေ ကုန်းကောက်နေသည်။
"ဟုတ်ကဲ့ ဘာမှမဖြစ်ပါဘူး ကိုကို...နည်းနည်း လန့်သွားယုံပါ.."
"ပြန် လို့ ရပါတယ်နော်"
"ဟုတ်ကဲ့ ရပါတယ် ကိုကို" အပြန် စက်ဘီးစီးနေချိန် ကိုကိုလို့ ခေါ်လိုက်မိတာကို ပြန်တွေးရင်းရှက်နေမိသည်။ သို့ပေမယ့် ကိုကို့အပြုံးတွေကတော့ စိုးမိုးထားဆဲ........
ဒီလိုနှင့် ခရေတို့ မတွေ့ဖြစ်တာ ၁လ လောက်ကြာသွားလေသည်။ တစ်ရက် ကံကြမ္မာက မျက်နသာပေးတာလား၊ တွေ့ကံပါလာတာလား မပြောတတ်။ အော်ဇီ ရောက်နေတဲ့အစ်မဆီ နိုင်ငံခြားဖုန်းခေါ်ဖို့အတွက် ခရေ အင်တာနက်ဆိုင်သို့ ရောက်လာခဲ့သည်။ ဆိုင်ထဲသို့ လိုက်ကာ ဖွင့်အဝင် လူတစ်ယောက်နှင့် တိုးမိသည်။ အမြဲတမ်း ပြာတိပြာယာဖြစ်နေတဲ့ ခရေဟာ လိုက်ကာကို ဆက်ခနဲဖွင့်ပြီး အထဲတိုးဝင်လိုက်ခြင်း ဖြစ်သည်။
"အင့်...." လူတစ်ယောက်ရဲ့ ရင်ဘက်ကို ခေါင်းနှင့် ဝင်ဆောင့်မိလိုက်သည်။ ယောက်ျားလေး တစ်ယောက်နဲ့ မထိတွေ့ဖူးတော့ စိတ်ထဲ ရှိန်းတိန်းတိန်းဖြစ်သွားမိသည်။ ကိုယ်သင်းရနံ့လေးက မွှေးလို့နေသည်။သန့်ရှင်းသက်ရပ်စွာ နေတတ်သူဟု စိတ်ထဲ ကောက်ချက်ချမိသည်။ ရှက်ရှက်နဲ့ မော့ ကြည့်လိုက်တော့ သူပါပဲ။ ကိုကိုရဲ့ အမူအရာအတိုင်း ပြုံးပြီးကြည့်နေသည်။
"ဟိုတစ်ခါ တွေ့ဘူးတဲ့ သူမဟုတ်လား"
"ဟုတ်ကဲ့ ကိုကို...ဆောရီးပါနော် အမြန်ဝင်လိုက်လို့ "ရှက်ရှက်နှင့် ပြန်ပြောလိုက်မိသည်။
"အင်း ရပါတယ်ကွ..မင်းကြည့်ရတာ စိတ်လောနေပုံပဲ"
"ဟုတ်ကဲ့ မလေးဆီကို ဖုန်းဆက်ရအောင် လာတာပါ"
"အော်...အင်း ကိုလဲ စာပေဟောပြောပွဲ အသံဖိုင်တွေ လာဒေါင်းတာ...မင်းလုပ်စရာရှိရင်လုပ်လေ.. နောက်တစ်ခါ သတိထားပြီး ဝင်နော်"
"ဟုတ်ကဲ့..." နှုတ်ဆက်ပြီး အေးဆေး တည်ငြိမ်စွာ ထွက်သွားလေသည်။
မလေးဆီ ဖုန်းဆက်ပြီး အမေမှာလိုက်သည့် နွားနို့ ဝယ်ရယ် အတွက် December (နွားနို့အထူးရသည့်) အအေး ဆိုင်သို့ ရောက်လာခဲ့သည်။ ထိုချိန် ဆိုင်မျက်နှာစာ မှန်မှ တစ်ဆင့် အပြင်သို့ ကြည့်ပြီး နို့အေး သောက်နေသော ကိုကို့ကိုထပ်မံတွေ့ရပြန်သည်။
"အအေးလာသောက်တာလား.."
"ဟုတ်ကဲ့ ကိုကို " မေမေ့အတွက် လာဝယ်တာကို နှုတ်ကထွက်သွားတော့ တခြား၊ အရင်က ဆိုင်ထိုင်သောက်လေ့မရှိတဲ့နွားနို့ ခုမှ သောက်ချင်လာမိသည်။
"'ဒါနဲ့ မင်းနာမည်က.."
"ပန်းခရေပါ သူငယ်ချင်းတွေကတော့ ခရေလို့ ခေါ်ကြတယ်"
"ဟား ဟုတ်လား လူအတိုင်းမှည့်တတ်ပါ့"
"ဟင် ဘာလို့လဲ..လူက ဆိုးလို့လား"
"မဟုတ်ရပါဘူးဗျာ ချောပါတယ်.."
"တကယ်လား..."
"အင်း....ချောတယ်ဆိုတာ မွန်ဘာသာ (ချိုတ်)က လာတာ အသံထွက်တော့ (ချော)တဲ့ အဓိပ္ပါယ်ကတော့ (သေသည်)တဲ့ "
"ဟင် အကောင်းမှတ်လို့ နားထောင်နေတာ.."ကိုကိုက အဲ့လိုလူတစ်ယောက် တစ်ခါတစ်လေ ရုပ်တည်နဲ့ နောက်တတ်သေးသည်။
"အစ်ကိုနာမည်ကရောဘယ်လိုခေါ်လဲ... ခရေက နာမည်မသိလို့ ကိုကိုလို့ ခေါ်မိနေတာ"
"အင်းပါ ရပါတယ်ကွ ချာတိတ်ရ...ကိုယ့်နာမည်က မင်းနေပါ...မင်းကြိုက်သလိုခေါ်နိုင်ပါတယ်နော်" ပြုံးပြီးပြောလိုက်အမူအရာလေးက တစ်မျိုးလေးကြည့်လို့ ကောင်းနေသည်။
"ဟုတ်ကဲ့ ကိုကို ကျေးဇူးပါ... "
"ချာတိတ် အယ်...ပန်းခရေ"
"ကိုကို အဆင်ပြေသလိုခေါ်ပါ ရပါတယ်.."
"ဒါဆို မင်းကို ဘယ်လိုခေါ်ရင်ကောင်းမလဲ ဆိုတော့...မင်းနဲ့ တွေ့လိုက်တိုင်း အမြဲ ပြာယာခက်နေသလိုပဲ.. အဲ့တော့ ယာလေး လို့ ခေါ်မယ်...ဘယ်လိုသဘောရလဲ"
"ဟုတ်ကဲ့ ကိုကို..ကောင်းသားပဲ" အဲ့ဒီနေ့မှာပဲ ခရေနဲ့ ကိုကိုဟာ ငယ်သူငယ်ချင်းတွေလို အရမ်းခင်သွားကြတယ်။ နောက်ပိုင်း အိမ်မှာနေရတာ ပျင်းတိုင်း ကိုကိုနေတဲ့ အဆောင်ကို သွားလည်ဖြစ်တယ်။ ခရေ သိလိုတာ တွေကိုလဲ မငြီးမငြူရှင်းပြတတ်တယ်။ ပုရွက်ဆိတ်တစ်ကောင် ထမင်းလုံးချည်သွားတာ တွေ့လိုက်တဲ့အချိန်………..
"ကိုကို ပုရွက်ဆိတ်က အကောင်သေးသလောက် သယ်နိုင်တယ်နော်"
"အင်း ဟုတ်တယ် ယာလေးရဲ့ ပုရွက်ဆိတ်တစ်ကောင်ဟာ သူ့အရွယ်ထက် အဆ ၅၀ကို သယ်နိုင်တယ်လို့ ဆွစ်လူမျိုး စိတ်ပညာရှင် သြဂတ်ဖောရယ်က ၇၅နှစ်လေ့လာခဲ့တာ...."
"အော် ထူးစမ်းတယ်နော်....ဒါနဲ့ ကိုကို ကမ္ဘာကြီးက အလုံးလားဟင်"
"မဟုတ်ဘူး ဘဲဥပုံသဏ္ဍာန်ပါ...ဘာလို့လဲ ဆိုတော့ တောင်နဲ့မြောက်က ၇၉၂၇မိုင် အရှေ့နဲ့အနောက်က ၇၉၀၀မိုင် ဖြစ်ပြီးတော့ ၂၂ဒီဂရီနဲ့ ၂၆ ဒီဂရီကြားမှာ လည်နေတာလေ"
"အော် အဲ့ပေါ်ကို အာဒံနဲ့ ဧဝ စရောက်တာပေါ့နော်"
"အင်း အာဒံရဲ့ နံရိုးတစ်ချောင်းနဲ့ ဧဝကို ဖန်တီးတယ်လို့တော့ ဖတ်ဖူးတယ်။ ဒါပေမယ့် ချားလ်ဒါဝင်ရဲ့ အီဗောလူးရှင်းသီအိုရီမှာ လူက မြောက်က ဆင်းသတ်တာလို့ ဘာသာရေးကိုအကြီးအကျယ်
ဆန့်ကျင်ပြီးတော့ အတိအလင်းပြောထားတာ….။ "
"အော် ကိုကိုက တော်တော်သိတာပဲ...."
"အင်း သိအောင် စာဖတ်ရတာပေါ့ ယာလေးရ...ယာလေးရော စာဖတ် ဝါသနာပါလား"
"အင်း ခရေက ရုပ်ပြတွေ ကဗျာတွေပဲ ဖတ်တာများတယ် "
"အော် ကောင်းပါတယ် ယာလေး..စာဖတ်ရတာ ဝါသနာပါတယ်ဆိုတည်းက ချီးကျူးပါတယ်… ဘယ်စာအုပ်ပဲ ဖတ်ဖတ် အနှစ်သာရကို ရအောင် ယူတတ်ဖို့လိုတယ်။ ပြီး ပြီးရောမဖတ်ရဘူး။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ပြောဖူးတဲ့စကားရှိတယ်"
"ဟုတ်လား ဘာလဲ ကိုကို"
"စာအုပ်များများဖတ်စရာမလိုပဲ စဉ်းစားစရာများများပါတဲ့ စာအုပ်နည်းနည်းကို ဖတ်ပြီး များများစဉ်းစားတဲ့အလေ့အကျင့်ရအောင် လုပ်ပါတဲ့။ အဲ့လိုမဟုတ်ပဲ စာအုပ်များများဖတ်နေရင် ဗဟုသုတအများကြီးရှိတဲ့ မစဉ်းစားတတ်တဲ့လူဖြစ်တတ်တယ်တဲ့။"
"အင်း ဟုတ်တယ် ကိုကိုပြောမှ သတိထားမိတော့တယ်...နားလည်အောင် ပြောပြပေးလို့ ကျေးဇူးပါနော် ကိုကို"
"ဟား ရပါတယ်ယာလေး...ကိုယ့်အတွက် အပန်းမကြီးပါဘူး...မှောင်နေပြီ ယာလေး နောက်ကျနေအုံးမယ်" အဲ့လိုမျိုး ကိုကိုက တစ်ခါတစ်ရံမှာ လူကြီးတစ်ယောက်လို ပြောဆို ဆုံးမတတ်တယ်။
"ဟုတ်ကဲ့ ကိုကို...ယာလေး ပြန်တော့မယ်နော် တာ့တာ" ကိုကို့ကို နှုတ်ဆက်ပြီး အချိန်အရမသင့်တော်လို့ ပြန်လာခဲ့ရပေမယ့် စိတ်ထဲမှာပေါ့ ကိုကိုက အချိန်ပြည့် နေရာယူလွန်းနေတယ်။ ဒီလိုနဲ့ ကိုကို့ဆီ သွားလိုက်ပြန်လိုက် ကျောင်းတတ်လိုက်နဲ့ နေ့တွေ ဖြတ်သန်းလာလိုက်တာ အချိန်တွေ ဘယ်လိုကုန်မှန်းတောင် မသိလိုက်ဘူး။ဒီဇင်ဘာ ကျောင်းပိတ်တဲ့တစ်ရက် ကိုကို့အိမ်ရှေ့အရောက်.......
"ယာလေးပါလား လာလေ...."
"ဟုတ်ကဲ့ ကိုကို"အိမ်ရှေ့မှာ ကားတစ်စီးတွေ့တည်းက ဧည့်သည်ရောက်နေတယ်ဆိုတာ ရိပ်မိပြီး လှည့်ပြန်မလို့ပါပဲ။ဒါပေမယ့် လှေကားထစ်မှာတွေ့တဲ့ မိန်းမစီး ဖိနပ်တစ်ရံကြောင့် ရင်ထဲ နွမ်းလျှစွာနဲ့ သိချင်စိတ်တွေ များသွားရခြင်းပါ။
"ဒါက သဇင်တဲ့....ကိုကို့ရဲ့ ချစ်သူပေါ့"
"ဟင် အော် ဟုတ် ကိုကို"နားထဲကို သံရည်ပူလောင်းချခံလိုက်ရသလို အမှောင်ထုအခန်းထဲမှာ အဲကိုး သံတွေထွက်နေသလိုလို။ နားထဲမှာ ပူစပ်ပူလောင် အသံတွေအထပ်ထပ် ကြားယောင်ပြီး မျက်လုံးတွေ ပြာဝေသွားပါတော့တယ်။
"ဒီက ညီမလေးက ပန်းခရေလား မောင် ဖုန်းဆက်တိုင်း ပြောပြလို့ သိရပါတယ်။ အချောလေးပဲ ညီမက"
"ဟုတ်ကဲ့ မမ ကျေးဇူးပါ။ မမကို မမှီတာတော့သေချာပါတယ်။" သဝန်တိုမှုတွေ ရှိနေပေမယ့် စိတ်ကို အတတ်နိုင်ဆုံးထိန်းချုပ် ပြောလိုက်ရသည်။
"ကိုကို  ဧည့်သည်ချစ်သူရောက်နေတာဆိုတော့ ခရေပြန်တော့မယ်နော်...လွတ်လွတ်လပ်လပ် ပြောလို့ရတာပေါ့" ခနဲ့တဲ့ စကားလုံးတွေသုံးခဲ့ပေမယ့်  ကိုကို့ရဲ့ မျက်ဝန်းတွေမှာ သနားစိတ်၊ အားနာစိတ်တွေ ရှိနေတယ်ဆိုတာ ခရေ တွေ့လိုက်ရလို့ ရှာကျန်ပြီး ကျေနပ်မိနေတယ်။ ကိုကို အရမ်းကို ပါးနပ်စွာ နေတတ်ခဲ့တာပဲနော်။ ချစ်သူရှိတယ်ဆိုတာ မသိအောင်ကို အေးချမ်းတည်ငြိမ်စွာ နေပြပေးခဲ့တယ်။ ကိုကို ဟိုအရင်က ပြောခဲ့သလိုပါပဲလား......
"ကိုကို အချစ်ဆိုတာ ဘယ်လိုမျိုးလဲဟင်"
"အချစ်ဆိုတာ တကယ်တော့ ချစ်နေဖို့ပဲ လိုတာပါ ယာလေးရ။ အချစ်မှာ ရယူလိုစိတ်ဆိုတဲ့ အတ္တတွေနဲ့ချစ်ရင် လူကိုပင်ပန်းဆင်းရဲမှု၊ထိခိုက်ကြေကွဲမှုတွေ ခံစားရစေတယ်။ တကယ်တော့ အချစ်စစ်ဆိုတာ သံပတ်ပေးထားတဲ့ ကားတစ်စီးလို ရှူးရှူးဒိုင်းဒိုင်း အရှိန်နဲ့ထွက်သွားပြီး ရပ်သွားတဲ့ အရာမျိုးမဟုတ်ဘူးလေ။ ပုံမှန်ပဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ အပြန်အလှန်နဲ့ သဝန်တို၊သံသယရှိခြင်းနည်းစွာ ပျော်ရွှင်ကြည်နူးနေရတာကိုက အချစ်ရဲ့ အရသာ။......"
"ဒါဆို ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို ချစ်မိနေရင်ရော"
"အင်း..အဲ့ပေါ်မှာ ကိုယ့်စိတ်ကိုရွှင်လန်း ကျေနပ်စေတယ်။ အဲ့လိုချစ်နေရမှ ပျော်စရာဖြစ်ပြီး ကြည့်နူးနေရတယ်ဆိုလဲ ဒါက အချစ်ပဲလေ။ ဒါပေမယ့် ဦးနှောက်နဲ့ နည်းနည်းထည့်စဉ်းစားပေါ့။ သူ့ကို ချစ်ရတာ အကန့်အသတ်တွေ ရှိနေတယ်ဆိုရင် အဲ့အချစ်ကို  ဆက်လက်ရှင်သန်ခွင့်မပေးတာ အကောင်းဆုံးပဲ။ ဘာလို့လဲ ဆိုတာ အချိန်ကြာလာတာနဲ့အမျှ ကြီးထွားလာနိုင်လို့ပါ။" မေးခဲ့တုန်းက ဘာရယ်မဟုတ်ဘူး မေးခဲ့ပေမယ့် ခုတော့ ကိုယ်တိုင်ကြုံတွေ့နေရပြီ ကိုကိုရယ်။ ကိုကိုပြောသလို ဆက်လက်ရှင်သန်ခွင့်မပေးနိုင်ပေမယ့် ဆက်လက်ချစ်နေချင်တယ်လေ....အချစ်ဆိုတာ တားလို့မှမရတာ။ ရင်တွင်းဆန္ဒကိုမျိုသိပ် ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီးမှ လူ့ပတ်ဝန်းကျင်က သတ်မှတ်တဲ့ ရင့်ကျက်မှုဆိုတဲ့ စကားလုံးလဲ မခံယူပါရစေနဲ့.... ကိုယ်ချစ်ရတဲ့ ချစ်သူကို လိုချင်လျက်နဲ့ ကြည်ကြည်ဖြူဖြူစွန့်လွှတ်လိုက်ရပေ့မယ် ချစ်ခွင့်ရနေရင်ပဲ ခရေနေပျော်ပါပြီ ကိုကို။
ခရေအဖြစ်က အချစ်လေလံ ပွဲမှာ ကိုယ့်ဘက်ကတစ်ဖက်သတ် ခေါ်ဈေး အများဆုံးနဲ့အပျက်အသတ် နိုင်ပြီးကာမှ...ပိုင်ရှင်ရဲ့ အရေးပေါ်ကြေငြာခြင်းခံလိုက်ရသလို "Not For Sale" များ ဖြစ်နေပြီလားနော်။ ဟုတ်ပါတယ်လေ ပိုင်ရှင်ကို ဘယ်ယှဉ်ပြိုင်ဝံ့ပါ့မလဲ။
ပင်မြင့်ထက်က သဇင်ပန်းကို မြေခနေရတဲ့ ခရေပန်းတစ်ပွင့်အနေနဲ့ နှိုင်းယှဉ်လိုက်ရင် ကွာဟ၊ ခြားနားလွန်လှပါတယ်။ ကလေးဆန်၊မရင့်ကျက်သေးတဲ့ ခရေကို ရင့်ကျက်အောင် သင်ပေးခဲ့တဲ့ ကိုကို့ကို အဝေးကနေပဲ ဆက်လက်ချစ်နေတော့မယ်နော်။~~~~~~~~~~~~~~
@ @ @ @ @ @
@ @ @ @ @
@ @ @ @
@ @ @
@ @
@
+++++အချိန် အတိုင်းအတာတစ်ခု ကြာပြီးချိန်မှာ တကယ်တော့ အချစ်ဆိုတာ???????+++++

စာပေချစ်သူများကို လေးစားခင်မင်လျှက်
လက်တည့်စမ်းခြင်းမျှသာ(ကိုယ်တိုင်ရေး ဝတ္တုတို)
***မင်းနေ***

Monday, November 5, 2012

***သေမယ်ဆိုတာ ကြိုသိတဲ့အခါ***


  • မျက်နှာအလှပြုပြင်ခွဲစိတ်ကုဆရာဝန် ဒေါက်တာ ရစ်ချတ်ဟာ အသက် ၄၀အရွယ်၊ သန်းကြွယ်သူဌေး တဦးဖြစ်ပါတယ်။ သူဟာ နောက်ဆုံးအဆင့် အဆုပ်ကင်ဆာဖြစ်ပွားနေကြောင်း သိရပြီးနောက် သူ့ရဲ့ဘ၀အကြောင်းကို ၁၉.၀၁.၁၂ နေ့မှာ သွားဆေးတက္ကသိုလ် ပထမနှစ်ကျောင်းသားများရှေ့မှာ ကိုယ်ကျိုးမငှဲ့ပဲ လူအများအတွက် တွေ့ဆုံပြောပြခဲ့ပါတယ်။

  • မင်္ဂလာ နံနက်ခင်းပါ။ ကျွန်တော့်အသံက နဲနဲသြနေတော့ သည်းခံပေးပါခင်ဗျာ။ ကျွန်တော်ကတော့ ရစ်ချတ်ပါ။ ဆရာဝန်ပါ။ ကျွန်တော့်ဘ၀အကြောင်း နဲနဲဝေမျှချင်ပါတယ်။ ပါမောက္ခက ကျွန်တော့်ကို ဖိတ်လို့လာရတာ ၀မ်းသာပါတယ်။ ခင်ဗျားတို့သင်ကြားနေတဲ့ သွားဆေးကုသရေးဆိုင်ရာများအပြင် တခြားအရာတွေရှိသေးတယ်ဆိုတာ တွေးမိတယ်ဆိုရင်ဖြင့် ပြောပြရကျိုးနပ်ပါတယ်ခင်ဗျာ။

  • ငယ်ငယ်ကတည်းက ကျွန်တော်က ဒီနေ့လူ့အဖွဲ့အစည်းရဲ့ ထုတ်ကုန်ပစ္စည်းစစ်စစ်ပါ။ အထိုက်အလျောက်အောင်မြင်တဲ့ ထုတ်ကုန်ပေါ့ခင်ဗျာ။ ငယ်ငယ်တုန်းကတော့ ဆင်းရဲတယ်ခင်ဗျ။ မီဒီယာတွေနဲ့ ပတ်ဝန်းကျင်ကလူတွေက ပြောကြတာကတော့ ပျော်ရွှင်မှုဆိုတာ အောင်မြင်မှုပဲတဲ့။ အဲဒီအောင်မြင်မှုဆိုတာလည်း ချမ်းသာမှုပဲတဲ့ခင်ဗျ။ ဒီလို အတွေးအခေါ်မျိုးနဲ့ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက အင်မတန်ပြိုင်ဆိုင်လိုစိတ် များခဲ့တာကလား။

  • ကျွန်တော်ဟာ ကျောင်းမှာထိပ်ဆုံးဖြစ်ရုံသာမကသေးဘူး နယ်ပယ်အားလုံးမှာကို အောင်မြင်ဖို့လိုသေးတာ။ ၀တ်စုံဆင်တူဝတ်တဲ့အဖွဲ့တွေ၊ ပြေးပွဲပြိုင်ပွဲတွေ နေရာတိုင်းမှာ အောင်မြင်ဖို့လိုတယ်လေ။ အရောင်မျိုးစုံနဲ့ ဆုတံဆိပ်မျိုးစုံ၊ နိုင်ငံတော်ကပေးတဲ့တံဆိပ်တွေ အားလုံးလိုချင်တာပေါ့။ ဒါကြောင့်လည်း ငယ်ငယ်ကတည်းက အပြင်းအထန်ပြိုင်တတ်ခဲ့တာ။ ဆေးကျောင်းတက်ပြီး ဆရာဝန်ဖြစ်လာတယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ မျက်စိအထူးကုဖြစ်ဖို့က လူကြိတ်ကြိတ်တိုးနေတော့ အဲဒါဖြစ်အောင်လုပ်ခဲ့တယ်။ ကျွန်တော်က မျက်စိကုသရေးမှာ သင်တန်းတက်ခွင့်ရတယ်။ လေဆာနဲ့ မျက်စိကုဖို့ သုတေသန ပညာသင်ဆုကိုလည်း National University of Singapore ကပေးတယ်လေ။

  • ပစ္စည်းသစ်ထွင်ဖို့၊ သုတေသနလုပ်ဖို့ အခွင့်အရေးတွေလည်းရ၊ ဆေးကုသရေးပစ္စည်းတွေလည်းကိုင်ရ၊ လေဆာတွေလည်းကိုင်ရပါတယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ ဒါတွေက ပညာရပ်ပိုင်းဆိုင်ရာအောင်မြင်မှုတွေချည်းပဲဗျ။ ချမ်းသာမှု မဟုတ်သေးဘူး။ ဒါနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ စာချုပ်ပြည့်သွားတော့ မျက်စိကုသရေးသင်တန်းဟာ သိပ်ကြာလွန်းတယ်လို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ပုဂ္ဂလိကဆေးခန်းမှာ ၀င်ငွေကောင်းတယ်လေဗျာ။ ခင်ဗျားတို့ သတိထားမိမယ်ဆိုရင်တော့ အလှအပအတွက်ခွဲစိတ်ကုပညာဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ခေတ်စားလာတာပေါ့။ ပိုက်ဆံတွေအများကြီးကိုရတာလေ။ ဒါနဲ့ကျွန်တော်လည်း ကျောင်းတက်တာတော်လောက်ပြီလို့ ဆုံးဖြတ်လိုက်တယ်။ ကျောင်းတ၀က်နဲ့ ထွက်လိုက်တယ်။ ကျွန်တော့်ကိုယ်ပိုင် အလှပြုပြင်ရေး ဆေးခန်းနဲ့ ခွဲစိတ်ကုဆေးခန်းဖွင့်တယ်ဗျ။

  • ဒါပေမယ့်လည်း အထွေထွေကုဆရာဝန်တွေ၊ မိသားစုဆရာဝန်တွေကို လူတွေကသိပ်အထင်မကြီးဘူးလေ။ လူတွေက ချမ်းသာတာ၊ ကျော်ကြားတာကိုမှ အထင်ကြီးတာကလား။ ရိုးရိုးဆရာဝန်ကို ဒေါ်လာ၂၀ မပေးချင်ပေမယ့် အဆီတွေကိုလျော့သွားအောင်ခွဲစိတ်ပေးတဲ့ဆရာဝန်ကိုတော့ ဒေါ်လာတသောင်းပေးဖို့ ၀န်မလေးဘူးလေ။ ရင်သားအလှခွဲစိတ်ပြုပြင်ဖို့ ဒေါ်လာတသောင်းခွဲပေးတယ်။ ဘာလို့အထွေထွေကုဆရာဝန်လုပ်နေမလဲဗျ။ ဒါနဲ့ပဲ အလှအပပြုပြင်ရေး ခွဲစိတ်ကုဆရာဝန် ဖြစ်လာတာပေါ့။  နေမကောင်းပြီး ရောဂါဖြစ်နေတဲ့လူတွေကို ကုဖို့ထက် ကျွန်တော်ဟာ နာမည်ကြီးအလှဖန်တီးရှင်ဖြစ်လာတာပေါ့။ 
     
  • အလုပ်ကတော့ ဖြစ်သလားမမေးနဲ့။ ပထမတော့ လူနာတွေက တပတ်စောင့်ရတယ်။ နောက်တော့ ၃ ပတ်၊ နောက် တလ၊ နှစ်လ၊ ၃ လအထိတောင်စောင့်တယ်ဗျို့။ ကျွန်တော်ကတော့ လူနာများလွန်းတော့ စိတ်ညစ်ရော။ အတော်ဘ၀င်မြင့်စရာ ကောင်းတဲ့အလုပ်ဗျ။ ကျွန်တော်မနိုင်လွန်းလို့ ဆရာဝန် ၄ ယောက်တောင် ထပ်ငှားရတယ်။ တနှစ်အတွင်းမှာကို သန်းနဲ့ချီရတာဗျ။ တနှစ်ထဲနော်။ ဒါလည်း တော်လောက်ပြီလို့ မထင်ဘူးဗျ။ စွဲနေပြီကိုး။ ဒါနဲ့ အင်ဒိုနီးရှားမှာ ဆေးခန်းထပ်ဖွင့်ပြီး အင်ဒိုနီးရှားလူချမ်းသာတွေဆီက ငွေရှာတာပေါ့။ ဘ၀ဟာ ပျော်စရာသိပ်ကောင်းဗျာ။
     
  • ပိုတဲ့ပိုက်ဆံတွေဘာလုပ်တယ်ထင်တုန်း။ စနေ၊ တနင်္ဂနွေအားရင် ဘာလုပ်လဲသိလား။ ကျွန်တော်က ကားကလပ်မှာ အဖွဲ့ဝင်ဗျ။ အပိုဝင်ငွေနဲ့ဝယ်ထားတဲ့ ထရပ်ကားကိုထုတ်၊ ချိန်းထားတဲ့ဆီကိုသွား၊ မလေးရှားထိအောင် ကားမောင်းပြိုင်ကြတာဗျို့။ ဒါဟာကျွန်တော့် ဘ၀ပါပဲ။ နောက်ထပ် ဖာရာရီပြိုင်ကားတစီးဝယ်ထားသေးတယ်။ အဲဒီတုန်းက မော်ဒယ် ၄၅၈ မထွက်သေးလို့ ပင့်ကူတံဆိပ် ၄၃၀ ပေါ့ဗျာ။ ကျွန်တော့်သူငယ်ချင်းဘဏ်သူဌေးကားက အနီရောင်၊ ကျွန်တော့်ကားက ငွေရောင်ဗျ။

  • ကားတွေရပြီးသွားတော့ဘာဖြစ်လဲ။ အိမ်ဝယ်တာပေါ့ဗျ။ ကိုယ်ပိုင်ဘန်ဂလိုတွေဆောက်ဖို့ မြေလိုက်ရှာတယ်။ ပိုက်စစ်တိုက်ရှာရတာဗျ။ ကဲ ကျွန်တော်ဘယ်လိုနေခဲ့လဲ။ ချမ်းသာမှုနဲ့ ကျော်ကြားမှုကြားမှာ နေခဲ့တာပဲ။ မယ်စကြာဝဠာ နဲ့တောင်တွဲခဲ့သေးတယ်။ လှပေ့ ချောပေ့ ချမ်းသာပေ့ ကျော်ကြားပေ့ဆိုတဲ့ သူငယ်မတွေနဲ့ပေါ့ဗျာ။ စားသောက်ဆိုင်တွေသွား၊ Michelin စားဖိုမှုးတွေချက်ကြွေးတာကိုစား၊ ပျော်စရာပေါ့ဗျာ။

  • လိုချင်တာတွေအကုန်လုံးပြည်စုံတဲ့ အချိန်ကိုရောက်လာတာပေါ့။ ကိုယ့်လက်ထဲမှာ အားလုံးရှိနေပြီလေ။ လွန်ခဲ့တဲ့တနှစ်လောက်က အားကစားလုပ်ရင်းနဲ့ တွေးမိတာက ကျွန်တော့်ဘ၀ကို ကျွန်တော်ကောင်းကောင်းတည်ဆောက်နိုင်ပြီလို့ ထင်ခဲ့တာ။ ထိပ်ဆုံးက ကျွန်တော်ပေါ့ဗျာ။

  • အင်း - ကျွန်တော်မှားသွားတာပေါ့လေ။ အားလုံးကျွန်တော့်လက်ထဲမှာမှ မဟုတ်တာပဲ။ မနှစ်က မတ်လတုန်းက ခါးနာလာတယ်ဗျ။ ထိုင်ထလုပ်တာများလို့ နာတယ်ထင်နေတာ။ ဒါနဲ့ စင်္ကာပူဆေးရုံကြီး ကိုသွားတယ်၊ ကျွန်တော့်အတန်းဖော်သူငယ်ချင်းက MRI ရိုက်ပေးတယ်။ ဘာဖြစ်သလဲရှာဖို့ပေါ့။ ညနေလည်းကျရော သူကကျွန်တော့်ကို ခေါ်ရော။ သူက ကျွန်တော့်ခါးရိုးထဲမှာ ကင်ဆာရောက်နေတယ်တဲ့။ ကျွန်တော်မယုံဘူးဗျ။ လက်မခံနိုင်ဘူး။ တကယ်ပြောတာလားလို့ ပြန်မေးနေသေးတယ်။ အားကစားရုံမှာ ပြေးလို့ကောင်းတုန်းရှိနေသေးတာကိုး။ နောက်နေ့ကျတော့ PET scan ထပ်ရိုက်တယ်။ အဆင့်၎ ( နောက်ဆုံးအဆင့် ) အဆုပ်ကင်ဆာတဲ့ဗျာ။ ဘယ်လိုက ဘယ်လိုများရောက်လာတာလဲလို့ အံ့သြနေမိတာ။ ဦးဏှောက်၊ ခါးရိုး၊ အသည်း၊ ကျောက်ကပ်အပေါ်ပိုင်းအထိတောင်ပျံ့နေတာတဲ့။ ကျွန်တော်က အားလုံးပိုင်ဆိုင်နေပြီလို့ ထင်တဲ့အချိန်ကျမှ အားလုံးဆုံးရှူံးရတော့တာပဲဗျ။

  • CT scan မှာကြည့်လိုက်၊ အဆုပ်ပေါ်က အစက်အားလုံးဟာ ကင်ဆာဗျ။ ဒါကို Miliaries turmor လို့ခေါ်သဗျ။ တကယ်တော့ ကျွန်တော့်အဆုပ်ထဲမှာ သောင်းနဲ့ချီပြီးရှိနေပြီ။ ဒါကြောင့် Chemo ဆေးတွေပေးရင်တောင်မှ ၃-၄ လပဲခံတော့မှာတဲ့။ ကျွန်တော့်ဘ၀ပျက်မသွားဘူးလား။ မပျက်ပဲဘယ်ခံနိုင်ပါ့မလဲဗျာ။ စိတ်ဓါတ်ကျတယ်၊ အကြီးအကျယ်စိတ်ဓါတ်ကျတယ်၊ ကျွန်တော့်မှာအားလုံးရှိတယ်လို့ထင်ခဲ့မိတာ။

  • ကဲ သံမဏိကြီးလို အောင်မြင်မှုတွေနဲ့။ အိမ်ရှိတယ်၊ ကားရှိတယ်၊ အလုပ်ကောင်းကောင်းရှိတယ်၊ ဒါတွေနဲ့ ပျော်ရွှင်မှုကို ၀ယ်ခဲ့တာ။ အခုတော့ ဆိုးဆိုးရွားရွားစိတ်ဓါတ်ကျနေရပြီ။ အခုတော့ ကျွန်တော်ပိုင်တာတွေကလည်း ကျွန်တော်ပျော်အောင်လုပ်မပေးနိုင်တော့ဘူးလေ။ ဖာရီရာကားကို ကျွန်တော်ဖက်ထားရင်းအိပ်လို့ရမလား။ ဘယ်ရမလဲဗျ။ လွန်ခဲ့တဲ့ ၁၀ လအတွင်းမှာ ကျွန်တော်က အဲဒီဟာတွေအသုံးကျမယ်ထင်နေတာ။ တကယ်တော့ ကျွန်တော်ရခဲ့တာ ပျော်ရွှင်မှုအစစ်မှ မဟုတ်တာပဲကိုး။ တကယ်တမ်း ပြီးခဲ့တဲ့ ၁၀ လအတွင်းမှာ ကျွန်တော့်ကို ပျော်ရွှင်စေခဲ့တာက ချစ်တဲ့ခင်တဲ့သူတွေ၊ သူငယ်ချင်းတွေ၊ ကျွန်တော့်ကိုဂရုစိုက်တဲ့လူတွေနဲ့ အပြန်အလှန်နားလည်ပြီး ဆက်ဆံရတာမှ ပျော်စရာဗျ။ သူတို့က ကျွန်တော်နဲ့အတူ ငိုတယ်၊ ကျွန်တော်နဲ့အတူ ရယ်တယ်၊ ကျွန်တော်နာကျင်ခံစားရသလို သူတို့လဲလိုက်ပြီးခံစားနားလည်ပေးတယ်လေ။ ဒါက ကျွန်တော့်ကို ၀မ်းသာပီတိဖြစ်စေတယ်။ ပိုင်ဆိုင်မှုတွေက ဒီလိုမပေးနိုင်ပါဘူးဗျာ။ ဒီပစ္စည်းတွေကသာ လုပ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်စိတ်ဓါတ်ကျနေတုန်းက သူတို့အကြောင်းစဉ်းစားလိုက်ရင် ပျော်လာဖို့ကောင်းတာပေါ့။

  • တရုတ်နှစ်သစ်ကူးကို ရောက်တော့မယ်နော်။ အရင်တုန်းက ကျွန်တော်ဘာလုပ်လဲ။ ကျွန်တော့်ကားအသစ်ကို တပတ်ပြီး တပတ်မောင်း၊ ဆွေမျိုးတွေဆီသွားလည်၊ ကျွန်တော့်သူငယ်ချင်းတွေကို ကြွား။ ဒါပျော်စရာလို့ထင်ခဲ့မိတာ။ ငွေရေးကြေးရေးသိပ်မပြေလည်တဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက ကျွန်တော်ပျော်သလိုလိုက်ပျော်မယ်ထင်လား။ ဒီလိုကားသစ်ကြီးမောင်းပြီး ကြွားနေတာကို ကူပျော်ပေးမလား။ ဘယ်ပျော်မလဲဗျ။သူတို့ဝင်ငွေနဲ့သူတို့ မနည်းလောက်အောင်သုံးပြီး မီးရထားစီးနေရတဲ့ဟာ။ ကျွန်တော်ထင်တာတော့ ကျွန်တော့်ကိုအားကျတာရယ် မနာလိုဖြစ်တာရယ်ပဲရှိမှာ။ တခါတလေတော့ မုန်းတောင်မုန်းဦးမယ်။

  • ဒါတွေက ကျွန်တော်တို့ထင်ထားတဲ့ အားကျမှုမျိုးပါ။ ပိုင်ဆိုင်မှုကို ကြွားတယ်ဆိုတာ ကျွန်တော့်မာနနဲ့ အတ္တကို ဖြည့်ဆည်းတာပါပဲ။ ကျွန်တော့်မှာ ထူးဆန်းတဲ့သူငယ်ချင်းတယောက်ရှိတယ်ဗျ။ သူ့နာမည်က ဂျနီဖာတဲ့။ သူငယ်ချင်းပါဗျာ။ လမ်းအတူလျှောက်သွားလို့ ခရုတကောင်တွေ့ရင် သူကကောက်ပြီးတော့ မြက်ခင်းထဲကိုချပေးတယ်ဗျ။ ဘာလို့ဒီလိုလုပ်တာလဲလို့ တွေးနေတာ။ တက်နင်းလိုက်လို့ သေသွားမှာ သူကစိုးရိမ်နေတာ။ ကျွန်တော့်အတွက်တော့ ခရုက ခရုပဲလေ။ လူတွေလဲဒီလိုပဲ။ လမ်းကြောင်းပေါ်ကနေထွက်မသွားနိုင်ရင် နင်းခံရမှာပဲလေ။ ဒါကပဲ ဖြစ်ရိုးဖြစ်စဉ်ဟုတ်ဘူးလား။ အသဲတော်တော်မာတာနော်။

  • ဆရာဝန်တယောက်အနေနဲ့ သနားကြင်နာဖို့၊ ကိုယ်ချင်းစာတတ်ဖို့ သင်ခဲ့ရသားပဲ။ ဒါပေမယ့် ကျွန်တော်မတတ်ခဲ့ပါဘူး။ အလုပ်သင်ဆရာဝန်ဘ၀တုန်းက National University Hospital က ကင်ဆာဌာနမှာလုပ်ရတယ်လေ။ နေ့တိုင်းနေ့တိုင်း ကင်ဆာရောဂါနဲ့ သေတာတွေတွေ့နေရပါရော။ သူတို့ဘယ်လိုခံစားရတယ်၊ ဘယ်လိုနာကျင်ဒဏ်ခံရတယ် နေ့တိုင်းတွေ့နေတာပဲ။ အောက်စီဂျင်ကို ခဲခဲယဉ်းယဉ်း နောက်ဆုံးထွက်သက်အထိရှူနေရတာ။ ဒါဟာ ကျွန်တော့်အတွက်တော့ အလုပ်တခုသာပါပဲ။ နေ့တိုင်း ဆေးရုံကိုသွား၊ သွေးဖောက်၊ ဆေးပေး လုပ်နေပေမယ့် ဒီလူနာတွေကို အစစ်လို့မထင်ပါဘူး။ ဒါဟာအလုပ်ပဲ။ ကျွန်တော့်အလုပ် ကျွန်တော်လုပ်၊ ပြီးရင်အိမ်ပြန်၊ ဒါပဲ။

  • ဒီလိုနာကျင်ခံစားတာတွေက အစစ်လား။ မဟုတ်ပေါင်။ ဆေးပညာအခေါ်အဝေါ်အားလုံး ကျွန်တော် သိသားပဲ။ တကယ်တော့ ကျွန်တော်လူနာမဖြစ်မချင်း ဒါတွေကိုမသိခဲ့ပါဘူး။ အခုတော့ ကျွန်တော်တကယ်သိလာပြီလေ။ အခုနေများ ခင်ဗျားတို့က ကျွန်တော်ကို အသစ်ကပြန်စခွင့်ရှိသေးရင် အချိုးပြောင်းမလားလို့မေးလာရင် ပြောင်းမယ်လို့ ပြန်ဖြေမှာပဲ။ ဘာလို့လဲဆိုတော့ အခုမှပဲ လူနာတွေ ဘယ်လိုခံစားရတယ်ဆိုတာကို နားလည်လာတာကိုး။ တခါတလေတော့ ဒီလိုပဲ ခဲရာခဲဆစ် သင်ယူရတာမျိုးရှိပါတယ်။      
  • အခုခင်ဗျားတို့က ပထမနှစ်ပဲရှိသေးတာ ဆိုတော့ ဒီလမ်းကြီးကို ဖြတ်ရဦးမှာပါပဲ။ ခင်ဗျားတို့ကို အချက် ၂ ချက် သတိပေးစရာရှိတယ်။

  • ခင်ဗျားတို့အားလုံးက ပုဂ္ဂလိကဆေးခန်းပဲလုပ်ကြရမှာပဲ။ ပြီးရင် ခင်ဗျားတို့ချမ်းသာလာကြမယ်ဆိုတာ အာမခံတယ်။ သွားစိုက်တာလေးတင် အများကြီးပိုက်ဆံရတာမို့လား။ တကယ်တော့ အောင်မြင်တယ်၊ ချမ်းသာတယ်၊ ဆိုတာတွေက မှားနေတာမဟုတ်ပါဘူး။ တကယ့်ပြသနာက ကျွန်တော်တို့အများစုက ဒီဒဏ်တွေကို မခံနိုင်တာ။

  • ဒါကိုကျွန်တော်ဘာလို့ပြောနိုင်လဲဆိုတော့ ပြန်စဉ်းစားကြည့်တဲ့အခါမှာ ရလေလိုလေဖြစ်နေတယ်ဆိုတာတွေ့လာတယ်လေ။ ပိုပိုပြီးလိုချင်လာတော့ မရရင် မနေနိုင်ဖြစ်ရော။ ပြောခဲ့ပြီးတဲ့အတိုင်း ကျွန်တော်က ဒီလူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတာအားလုံးရခဲ့သားပဲ။ မရရင် မနေနိုင်ဖြစ်ခဲ့တယ်။ လူနာဆိုတာ ငွေဝင်လမ်းလို့ပဲ မြင်ခဲ့တာ။ လူနာဆီက ရသမျှပိုက်ဆံညှစ်ယူခဲ့တယ်လေ။

  • အချိန်တော်တော်များများမှာ ကျွန်တော်တို့ တကယ်တမ်းဘယ်သူ့အတွက် လုပ်ပေးနေတာလဲဆိုတာ မေ့နေကြတယ်။ နောက်ဆုံးမှာ ဘယ်သူ့အတွက်မှ မဟုတ်ပဲ ကိုယ့်အတွက်တွေဖြစ်ကုန်ရော။ ဒါဟာ ကျွန်တော်တကယ်ဖြစ်ခဲ့တာပဲ။ ဒါဟာ ဆေးပညာပဲဖြစ်ဖြစ်၊ သွားဆေးကုပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကဆေးခန်းမှာ လူနာကို မလိုတဲ့ကုသမှုတွေ ပေးကြတယ်။ သိပ်မသေချာတဲ့အခါမျိုးမှာပေါ့။  မလိုအပ်မှန်းသိတာတောင်မှ ပေးဖြစ်အောင်ပေးသေးတာ။ ဒီအချိန်မှာတော့ ကျွန်တော်သိလာတာက သူငယ်ချင်းတွေထဲက တကယ်ဂရုစိုက်တဲ့လူနဲ့ ပိုက်ဆံလိုချင်လို့ မျှော်လင့်ချက်ပေးတဲ့လူနဲ့ကို ခွဲတတ်လာပြီ။ ပိုက်ဆံကြောင့် စိတ်ဓါတ်တွေ ပျက်စီးလာတာပေါ့။

  • ပိုဆိုးတာကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျွန်တော်တို့ဟာ လုပ်ဖော်ကိုင်ဖက်တွေအကြောင်း၊ ပြိုင်ဘက်တွေအကြောင်းကို ဆိုးဆိုးရွားရွားပြောခဲ့ကြတယ်လေ။ လိပ်ပြာမသန့်တာလေးတောင် မဖြစ်ပေါင်။ ကျွန်တော်တို့ဟာ သူများကိုနှိမ့်ချပြီး အပေါ်ရောက်ဖို့လုပ်ခဲ့ကြတယ်။ ဒါကနေရာအားလုံးမှာကို ဖြစ်နေတာ။ ခင်ဗျားတို့ကို သတိပေးချင်တာက ဒီလိုစိတ်ကောင်းနှလုံးကောင်းတွေ ပျက်စီးသွားတာမျိုးကိုတော့ မဖြစ်ပါစေနဲ့ဗျာ။ ကျွန်တော်ကဒါကို ခဲရာခဲဆစ်သင်ခဲ့ရတာမို့ပါ။ ခင်ဗျားတို့ကိုတော့ ကျွန်တော့်လို မဖြစ်စေချင်ပါဘူး။

  • နောက်တခုက လုပ်သက်ရှည်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ လူနာတွေအပေါ်မှာ သိပ်အရေးမလုပ်တော့ဘူးလေ။ ထုံပေပေဖြစ်လာတယ်။ အစိုးရဆေးရုံဖြစ်ဖြစ်၊ ပုဂ္ဂ္ဂလိကဆေးခန်းပဲဖြစ်ဖြစ် လူနာမှတ်တမ်းတထပ်ကြီး လက်ထဲရောက်နေတာနဲ့ အဲဒီဟာကြီးမြန်မြန်ကုန်သွားဖို့ပဲ အရေးကြီးနေတော့တာပဲလေ။ လူနာတွေများလွန်းလို့ အခန်းထဲက မြန်မြန်ထွက်သွားဖို့ပဲ အာရုံရှိတော့တာ။ ဒါအမှန်ပဲဗျ။ ဒါက နေ့တဓူဝ အလုပ်ဖြစ်လာတော့ ငြီးငွေ့လာတာပေါ့ဗျာ။ လူနာတွေဘက်က ဘယ်လိုစိတ်ထဲမှာထင်သွားလဲ ကျွန်တော်မသိပါဘူး။ ကြောက်ရွံ့တာ၊ စိုးရိမ်တာ အားလုံးပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင်တကယ်ခံစားရတဲ့အချိန်ရောက်မှ သိလာတာဗျ။ ဒါဟာကျွန်တော်တို့ရဲ့ အကြီးဆုံးချွတ်ယွင်းချက်ပါပဲဗျာ။

  • ကျွန်တော်တို့ဟာ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရှင်များအနေနဲ့ လေ့ကျင့်ပေးထားခဲ့ပေမယ့် တကယ်တမ်းလူနာတွေခံစားနေရတာကိုတော့ ကိုယ်ချင်းမစာနိုင်ခဲ့ပါဘူး။ စိတ်ဆင်းရဲလိုက်၊ ၀မ်းနည်း ၀မ်းသာလိုက်ဖြစ်နေဖို့ပြောတာမဟုတ်ပါဘူး။ ခံစားမှုကဲလွန်းရင် Professional မဆန်ဘူးဗျ။ ဒါပေမယ့် ကျွန်တော်တို့တကယ်တမ်း သူတို့ကိုနားလည်အောင်ကြိုးစားသလား။ အများအားဖြင့်တော့ မကြိုးစားဘူးဗျ။ ခင်ဗျားတို့ကို သတိပေးချင်တာကတော့ လူနာတွေကို ကိုယ်ချင်းစာပါဗျာ။

  • ဘာလို့လဲဆိုတော့ နာကျင်တာတွေ၊ ကြောက်ရွံ့တာတွေ၊ စိုးရိမ်တာတွေက ကျွန်တော်တို့အတွက် အစစ်မဟုတ်ပေမယ့် သူတို့အတွက်တော့ အစစ်တွေကိုးဗျ။ ကျွန်တော်က အခုဆိုရင် Chemotherapy ယူနေတာ ၅ ခါရှိပြီ။ ဒါဟာ သိပ်ခံရခက်တာပဲဗျာ။ Chemotherapy ဆိုတာ ခင်ဗျားတို့ရဲ့ရန်သူအတွက်တောင် ဆုမတောင်းသင့်ဘူး။ တကယ့်ကို ခံစားရတာဗျာ။ အစာစားမိလား မစားမိလားတောင်မသိတော့ပါဘူး။ သိပ်ကိုဆိုးပါတယ်။ ကျွန်တော်နဲနဲအင်အားရှိတာနဲ့ တခြားကင်ဆာလူနာတွေဆီကို သွားပါတယ်။ နာကျင်တာတွေကို သိလာပြီကိုး။ ဒါက သိပ်နောက်ကျပြီး လုပ်ပေးနိုင်တာလဲ သိပ်နဲနေပါပြီလေ။

  • ခင်ဗျားတို့မှာက တောက်ပတဲ့အနာဂတ်နဲ့ ခွန်အားအပြည့်နဲ့။ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ လူနာအကြောင်းကိုထဲထဲဝင်ဝင်သိအောင်လုပ်ပါဗျာ။ သူတို့ဟာလူသားစစ်စစ်တွေ၊ အမှန်တကယ်ကို နာကျင်ခံစားပြီး အခက်ခဲဆုံးအချိန်တွေကို ရောက်နေတယ်ဆိုတာကို သိအောင်လုပ်ပါ။ ဆင်းရဲတဲ့လူတွေပဲ ခံစားရတယ်လို့ မထင်ပါနဲ့ဗျာ။ ဆင်းရဲတဲ့လူတွေက အစကထဲကသူတို့မှာ နဲနဲပဲရှိတော့ ရောင့်ရဲလွယ်တယ်ဗျ။ ကျွန်တော်တို့၊ ခင်ဗျားတို့ထက်လည်း ပိုပြီးပျော်ပျော်နေနိုင်ကြတယ်။ တခြားစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပြင်းထန်နေတာ၊ ငွေရေးကြေးရေး စတဲ့ပြသနာနဲ့ လူတွေအများကြီး။ ဒါတွေကလည်းတကယ်ရှိတာ။ ကျွန်တော်တို့က မသိချင်ယောင်ဆောင်၊ အသိအမှတ်မပြုပဲ နေခဲ့ကြတာ။

  • ဒါကြောင့်မို့ တကယ်လိုအပ်နေတဲ့လူတွေအပေါ်မှာ အလေးထားကြပါဗျာ။ ခင်ဗျားနဲနဲလေးလုပ်ပေးလိုက်တာ သူတို့အတွက်အများကြီးကို ထူးခြားသွားတာပါ။ ကျွန်တော်ကတော့ သေခါနီးနေပြီဆိုတော့ ဘယ်သူကတကယ်ဂရုစိုက်တယ်၊ အားပေးတယ်ဆိုတာကို ခံစားတတ်နေပြီလေ။ ဒါဟာ ကျွန်တော့်ကို တကယ်ပြောင်းလဲသွားစေတယ်။ ဒါဟာကုသမှုတွေယူပြီးတဲ့နောက်သိလာတာပါ။ ကျွန်တော်ဆေးသွင်းထားတာ မကြာသေးဘူး။ နောက်နေ့မှ ဆေးထပ်သွင်းမယ်ဗျာ။ ဒါကြောင့် ကျွန်တော်ခင်ဗျားတို့ကို စကားပြောဖို့ အားရှိနေသေးတာပေါ့။

  • မောရစ် နဲ့ အင်္ဂါနေ့ ဆိုတဲ့စာအုပ်ထဲက စကားလုံးလေးတွေ ပြောပြချင်တယ်။ ခင်ဗျားတို့ဖတ်ပြီးသားလဲဖြစ်ချင်ဖြစ်မှာပါ။ လူတိုင်းသေရမှာသိတာပဲ။ ဒါပေမယ့် ဘယ်သူမှ မယုံကြဘူး။ တကယ်ယုံတယ်ဆိုရင် လုပ်ပုံကိုင်ပုံတွေကို ပြောင်းပစ်ကြမှာပဲ။ ကျွန်တော်သေရတော့မယ်ဆိုတာသိတော့ ကျန်တာအကုန်လုံးမေ့ထားပြီး တကယ်လိုအပ်တာတွေပဲ စဉ်းစားတယ်။ တကယ်တော့ သေခါနီးမှပဲ ဘယ်လိုနေရမှန်း သိတော့တယ် ဆိုပါတော့ဗျာ။ ဒါမျိုးကို မနက်စောစောစီးစီးကြားရတာ ကျက်သရေတော့ မရှိဘူးပေါ့လေ။ ဒါပေမယ့် ကျွန်တော်သိခဲ့တဲ့အမှန်တရားမို့ ပြောပြတာပါ။

  • ခင်ဗျားတို့ကို ပတ်ဝန်းကျင်က ပြောတဲ့အတိုင်းမနေကြပါနဲ့။ မီဒီယာပြောတာကိုလည်း လက်မခံနဲ့။ ကျွန်တော်ခံခဲ့ရပြီးပြီ။ ပျော်မယ်ထင်လို့ သူတို့ပြောတဲ့အတိုင်းလုပ်ခဲ့မိပြီ။ ခင်ဗျားတို့ သေချာစဉ်းစားပြီး ဘယ်လိုအသက်ရှင်သန်မယ်ဆိုတာ ဆုံးဖြတ်ပါ။ သူများပြောတိုင်းလိုက်မလုပ်နဲ့။ ကိုယ့်တကိုယ်ရည်စာပဲကြည့်နေမလား။ တခြားတယောက်ဘ၀ကို ပြောင်းလဲသွားအောင်ကူညီမလား။ ဆုံးဖြတ်ပါ။ တကယ့်ပျော်ရွှင်မှုအစစ်ဆိုတာ ကိုယ့်အတွက်ချည်းပဲကြည့်နေလို့မရပါဘူး။ ကျွန်တော်ရနိုင်မယ်လို့ထင်ခဲ့တာ မရခဲ့ပါဘူး။ နားထောင်ပေးတာကျေးဇူးပါပဲ။ မေးချင်တာရှိရင် မေးနိုင်ပါတယ်ခင်ဗျာ။
    ( ဒေါက်တာရစ်ချတ်ဟာ ၁၈.၁၀.၁၂ နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ )

  • မူရင်း။ ။Facebookမှာတွေ့လို့ သူငယ်ချင်းတွေ အတွက် ပြန်ရှယ်ပေးလိုက်တာပါ....
  • သူငယ်ချင်းများကို လေးစားခင်မင်လျှက်
  • ***မင်းနေ***
  • +++ဖြူစင်ချစ်ခြင်းဆောင်နှင်းမိလေတော့...+++

    ကိုကို..
    အချစ်ဆိုတာရယူခြင်းလား
    ပေးဆပ်ခြင်းလား
    ညီမလေးရေရေရာရာမသိပေမယ့်
    ကိုကို့ အချစ်တွေမှာငြိတွယ်နေမိတာကတော့
    သေချာနေခဲ့ပါတယ်ကိုကို..။

    ကိုကိုကမေးတယ်နော်..
    "ကိုကို့ ကိုသတိရလား" တဲ့..
    သတိရတယ်ဆိုတာထက်
    ပိုမိုလေးနက်လှိုက်မောတဲ့သတိရခြင်းတွေ
    အချိန်တိုင်းလိုလိုဖြစ်တည်နေတယ်ဆိုတာ
    ညီမလေးမငြင်းချင်ပါဘူးကိုကို..။

    ကိုကို့ကိုချစ်မိတာ..
    ရူးသွပ်တယ်ပဲဆိုချင်ဆို
    မိုက်မဲတယ်ပဲပြောချင်ပြော..
    ညီမလေးကိုယ်တိုင်ကိုက
    ကိုကို့ နှလုံးသားပစ်ကွင်းထဲတိုးဝင်ချင်နေတဲ့
    သားကောင်သက်သက်လေ...။
    (ဒီ့အတွက်ကိုကို့ နာကျင်စေခဲ့မယ်ဆိုတာ...မတွေးမိခဲ့ရိုးအမှန်ပါ)

    တကယ်တော့ ညီမလေးက
    ပိုးဖလံတစ်ကောင်ရဲ့အသိမရှိတဲ့ဦးနှောက်နဲ့ 
    ကိုကို့ ဘ၀ထဲကိုဝင်လာခဲ့မိတာပါ...
    ဒါပေမယ့်ကိုကိုရယ်..
    ချစ်တာအပြစ်လားနော်..။
    (ဒီ့အတွက်ကိုကိုညီမလေးကိုအပြစ်တင်ချင်နေလားဟင်..။)

    အရိုးသားဆုံးဝန်ခံရရင်..
    ပကတိတန်ဖိုးတွေနဲ့ထုံမွှမ်းထားတဲ့
    ရင်ခုန်သံနဲ့ကိုကို့ကိုငြိတွယ်မိခဲ့တာပါကိုကို..
    ခုလိုချစ်နေခွင့်ရနေတာလေးကိုပဲကျေနပ်နေမိတာပါ
    ကိုကို့ ဘ၀ရဲ့အစိတ်လေးအပိုင်းလေးတစ်ခုအဖြစ်
    ပါဝင်ခွင့်ရလို့  ပျော်ရွှင်နေမိတာပါ...။

    ကိုကို..
    ဘ၀ဆိုတဲ့ဒိုင်ယာရီမှာ
    စာမျက်နှာတစ်ခုဖွဲ့ ဆိုကြေးဆိုရင်
    အဲဒီစာမျက်နှာရဲ့ထိပ်ဆုံးမှာ..
    ကိုကိုပါဝင်နေမှာပါနော်..။
    ဒါလေးကိုတော့ယုံကြည်ပေးပါ..

    လွမ်းတယ်ကိုကိုရယ်..
    လွမ်းနေမိတယ်လေ...
    ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်
    ရင်နှင့်ရင်းတဲ့ဒီစကားလေးတွေကို..
    ကိုကိုနားလည်နိုင်ပါစေနော်..။


    {အရမ်းချစ်တတ်တဲ့ကောင်မလေးပဲ :-) }
    ***မင်းနေ***

    +++ရွက်ကြွေ ဘဝ+++



    နှင်းစက် နားခိုဖို့
    ကြွေပေး ရတာထက်စာရင်
    ရိုးတံ နာလို့
    ကြွေရတာမှ ခံသာအုံးမယ်.........


    ***မင်းနေ***
    01.11.12(04:25PM)

    @@@မင်းအတွက်@@@


    ငါက နင်ထင်သလို
    မချစ်တတ်တာ မဟုတ်ပါဘူး...။


    ရင်တွင်းစကားကို လျှာဖျားလေးနဲ့ ပြောရလောက်အောင်
    ငါ့အချစ်က ဘေထုတ်ဈေး မဆန်ဘူးလေ....။

    သစ္စာတရားကို ဦးညွတ်သူအဖို့
    ငါ့ပါးစပ်က ထွက်ကျလာတဲ့ စကားလုံးတိုင်းကို တည်ချင်တယ်ဟာ...။

    တစ်ခါတစ်လေမှာ လိုချင်နေလျက်နဲ့ ကြည်ကြည်ဖြူဖြူ
    စွန့်လွှတ်လိုက်ရတဲ့အခါ ငါ့မျက်ဝန်းမှာ မျက်ရည်စတော့ ကျမိတယ်.....။

    နင့်ရဲ့ စစ်မှန်တဲ့ရင်တွင်းစကားတွေ ကြားရဖို့
    F-5 နှိပ်မှ Rate တတ်မယ်ဆို
    င့ါဆီ ဦးမညွှတ်လည်း နေပါစေတော့ဟာ...။


    သွေးထွက်မှ ဒဏ်ရာ မဟုတ်ပါဘူး
    ရင်ဘတ်ထဲက သွေးမထွက်တဲ့ ဝေဒနာဟာလဲ ဒဏ်ရာပါပဲ...။

    ဒါပေမယ့် နင်ပျော်ဖို့အတွက်
    င့ါနှလုံးသားကို မီးတင်ရှို့ပြီး အားတင်းပြုံးထားတယ်.....။

    ကဗျာချစ်သူများကို လေးစားခင်မင်လျှက်
                ***မင်းနေ***

    +++ဖြစ်တတ်ပါတယ်+++


    အချစ်လေလံပွဲမှာ ခေါ်ဈေး အမြင့်ဆုံးနဲ့အပျက်အသတ် နိုင်ပြီးကာမှ...
    အရေးပေါ်ကြေငြာသံနဲ့အတူ ဆုံးဖြတ်လိုက်တာက "Not For Sale" တဲ့~~~~~

    ခုတော့ ကျွန်းဖြစ်နေတဲ့နှလုံးသားမို့
    ပြောင်းပြန်စီးဆင်းလာရင်တောင် ကွေ့ဝိုက်သွားကာ မဆိုင်သလိုပါပဲလားနော်.......

    ဒီရင်ခွင် ကျွန်းငယ်လေးက ဒုက္ခတွေကြား မျက်စိလည်လမ်းမှားပြီး ရောက်လာသူတို့
    ခေတ္တခဏနားခိုးရာ တစ်ထောက်နားရပ်များ ဖြစ်နေရော့လား????????????

    င့ါအထင်တော့ အချစ်စစ်ဆိုတာ သံပတ်ပေးထားတဲ့
    ကားတစ်စီးလို ရှူးရှူးဒိုင်းဒိုင်း အရှိန်နဲ့ထွက်သွားပြီး
    ရပ်သွားတဲ့ အရာမျိုးမှ မဟုတ်တာ......

    အခွံပဲရှိနေတဲ့ ပျားသလက်ဟောင်းမှာရော ဝတ်ရည်ချိုချိုလေးတွေ
    ပိုင်ဆိုင်တဲ့ ပျားပုတုံးအနေနဲ့က ဘယ်ပေါင်းစပ်ချင်ပါ့မလဲလေနော့~~~~~~~~~~~

    ကဗျာချစ်သူများကို လေးစားခင်မင်လျှက်
    ***မင်းနေ***

    19.10.12(063း6PM)

    +++ဘယ်သူအရေးပါဆုံးလဲ+++


    သူငယ်ချင်း အားလုံး မင်္ဂလာပါ... မနေ့က အွန်လိုင်းပေါ်ခြေဆန့်ပြီး အမျိုးသားပညာဝန် ဦးဖိုးကျားရဲ့ အတ္ထုပ္ပတ္တိ ကိုရှာရာကနေ "ဘယ်သူအရေးပါလဲ"ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ရင်း သဘောကျလို့ သူငယ်ချင်းတွေ အတွက် တင်ပေးလိုက်ပါတယ်......

    တစ်ခါက

    ကျောင်းတစ်ကျောင်းမှာ ကျောင်းကပွဲလေးတစ်ခု ကျင်းပတယ်။ ကျောင်းက ကျင်းပတဲ့ ကျောင်းကပွဲ ဆိုတော့ ဒီကပွဲလေးမှာ ပါဝင်သရုပ်ဆောင်တဲ့ သူတွေ ၊ ကပြအသုံးတော်ခံမဲ့သူတွေ ၊ ကပွဲလေး ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီသူတွေ အားလုံးကလည်း ကျောင်းက ဆရာ ၊ ဆရာမ တွေနဲ့ ကျောင်းသူ ၊ ကျောင်းသားတွေပဲပေါ့။

    ဒါနဲ့ ဆရာ ၊ ဆရာမ ၊ ကျောင်းသူ ၊ ကျောင်းသားတွေလည်း ကိုယ်တတ်နိုင်ရာ လုပ်သင့်လုပ်ထိုက်တာကို အစွမ်းကုန် လုပ်ကြတယ်။ ကိုယ် ကျွမ်းကျင်ရာ ကျွမ်းကျင်ရာပေါ့။ ဒါနဲ့ သူတို့ ကပွဲပြင်ဆင်နေတာကို မြို့နယ် ပညာရေးမှူး ဆရာကြီးက လာရောက်ကြည့်ရှု့တယ်။ ပညာရေးမှူးလာမယ် ဆိုတော့ အားလုံးကလည်း ပိုပြီး သတိထားလုပ်ကြတာပေါ့။

    ဒီအချိန်မှာ ပညာရေးမှူး ဆရာကြီးက ကျောင်းသား ၊ ကျောင်းသူတွေကို တစ်ယောက်ချင်းစီ လိုက်မေးတယ်။ ပထမဦးဆုံး ဆရာကြီးက သွားမေးတာ မင်းသား ၊ မင်းသမီးသရုပ်ဆောင် အဖွဲ့တွေကို။

    “ ငါ့သား ၊ သမီးတွေက ဒီကပွဲမှာ ဘယ်နေရာကနေ ပါဝင်မှာလဲဟေ့..။ ”

    ဒီတော့ ကျောင်းသူ ၊ ကျောင်းသားတွေက...

    “ ကျွန်တော်တို့က မင်းသား ၊ မင်းသမီးတွေ နဲ့ သရုပ်ဆောင် နေရာကနေ ပါဝင်မှာပါ.။ ”

    “ သြ..ဟုတ်လား။ ကောင်းတာပေါ့ကွာ။ ကပွဲဆိုမှ တော့ သရုပ်ဆောင်တွေ မပါပဲ ဘယ်ဖြစ်တော့မလဲ မဟုတ်ဘူးလား။ မင်းတို့ နေရာက အရေးကြီးတယ်နော်။ ”
    နောက်ပြီး ပညာရေးမှူးက နောက်ထပ် တစ်ဖွဲ့ဆီကို သွားပြီး မေးခဲ့တယ်။
    “ ဒီက သားတို့ ၊ သမီးတို့ အဖွဲ့ကရော ကပွဲရဲ့ ဘယ်နေရာကနေ ပါဝင်ကြမှာလဲကွယ်။”

    “ ကျွန်တော်တို့က ကပွဲရဲ့ စားသောက်ဖွယ်ရာ ချက်ပြုတ်ရေး အဖွဲ့ကပါ။ ”

    “ ဟာ..ကောင်းတာပေါ့ကွာ.။ မင်းသား ၊ မင်းသမီး သရုပ်ဆောင်တွေ ဘယ်လောက် သရုပ်ဆောင် ကောင်းကောင်း အစာမစားရရင်တော့ သူတို့လည်း သရုပ်ဆောင် နိုင်မှာ မဟုတ်ဘူးလေ။ သားတို့ ၊ သမီးတို့ နေရာယူထားတဲ့ နေရာက အရမ်းအရေးကြီးတဲ့ နေရာပေါ့။ ”

    ပညာရေးမှူးဟာ နောက်ထပ် အဖွဲ့ တစ်ဖွဲ့ဆီကို ရောက်သွားပြန်တယ်။

    “ သားတို့ ၊ သမီးတို့ကရော ကပွဲရဲ့ ဘယ်နေရာမှာ ပါဝင်တာလဲ။ ”
    “ ကျွန်တော်တို့က ကပွဲ အတွက် အဝတ်အစား ချုပ်လုပ်ဖန်တီးရတဲ့ အပိုင်းကပါ။ ”

    “ ကောင်းလိုက်တဲ့ နေရာပဲ။ တကယ်လို့ အဝတ်အစား အလှတန်ဆာတွေသာ မပါဘူး ဆိုရင် ဒီကျောင်းကပွဲက လမ်းဘေးက ကလေးတွေ ညစ်ညစ်ပတ်ပတ် ပေပေရေရေ အပျော်ဆော့နေသလို ဖြစ်နေတော့မှာပဲ။ သားတို့ ၊ သမီးတို့ နေရာကလည်း အရမ်းအရေးကြီးတယ်။ ကောင်းကောင်းလုပ်ကြနော်။ ”

    ဒီလိုနဲ့ ဆရာကြီး နောက်ထပ် တစ်ဖွဲ့ဆီ ရောက်သွားပြန်တယ်။

    “ သားတို့ ၊ သမီးတို့ကရော ကပွဲမှာ ဘယ်နေရာကနေ ပါဝင်ကြတာလဲ..။ ”

    “ ကျွန်တော်တို့က ကပွဲတည်ဆောက်ရေးကပါ။ ကပွဲ အတွက် စင်ကို တည်ဆောက် အလှဆင်ရတာပါ။ ”

    “ အရမ်းကောင်းတဲ့ နေရာကနေ ပါဝင်နေတာပေါ့ကွာ။ တကယ်လို့ သားတို့ သမီးတို့ကသာ ဒီလို ကပွဲအတွက် စင်ကို လှလှပပ မတည်ဆောက်ဘူးဆိုရင် ဒီကပွဲကြီးဟာ လမ်းဘေး မြေဝိုင်းသဘင် ဖြစ်သွားပြီပေါ့။ ဘယ်လိုလုပ် အဆင့်တန်းရှိရှိ ကျင်းပနိုင်တော့မလဲ။ မင်းတို့ ပါဝင်နေတဲ့နေရာက အရမ်းအရေးကြီးတယ်နော် ဂရုစိုက်ကြ။ ”

    ဒါနဲ့ ဆရာကြီး နောက်ထပ် အဖွဲ့တစ်ခုစီ ရောက်သွားပြန်တယ်။
    “ သားတို့ ၊သမီးတို့ကရော ကပွဲမှာ ဘယ်နေရာကနေ ပါဝင်ကြတာလဲ။ ”

    “ ကျွန်တော်တို့က ကပွဲမှာ တီးဝိုင်းနဲ့ နောက်ခံတေးဂီတ အသံတွေကို ထည့်တဲ့နေရာကပါ။ ”
    “ ဟာ အရမ်းကောင်း ၊ အရမ်းအဆင့်မြင့်တဲ့ နေရာပေါ့။ ဂီတသံသာ မပါရင် ဒီကပွဲကြီးက တိတ်ဆိတ်ပြီး ဟိုးအရင်ခေတ်ဟောင်းက အသံမဲ့ ဓါတ်ရှင်ကြည့် နေရသလို ပေါ့ပျက်ပျက်ကြီးဖြစ်နေတော့မှာပဲ။ သားတို့ ၊ သမီးတို့ ပါဝင်တဲ့ နေရာက အရမ်းအရေးကြီးတယ်နော် ကြိုးစား။ ”

    ဒီလိုနဲ့ ဆရာကြီးဟာ အဖွဲ့တွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ပြောင်းပြီး မေးလာလိုက်တာ အဖွဲ့တွေ အကုန်ကုန်သွားတယ်။ မေးလို့ရသမျှ အဖွဲ့တွေကိုလည်း သူတို့နေရာဟာ အရေးကြီးကြောင်း အားပေးလာလိုက်တာ ကြားသမျှ လူတွေ အားလုံးလည်း အားတတ်ကြတယ်။

    ဒါနဲ့ ဆရာကြီး ကျောင်းသား ၊ ကျောင်းသူတွေ အားလုံးကို သေချာကြည့်လိုက်တော့ ဆရာကြီးရဲ့ အားပေးမှုကြောင့် အားလုံးက တတ်ကြွနေကြတယ်။ ဒါပေမဲ့ အခန်းထောင့်တစ်နေရာမှာ ကျောင်းသားလေး တစ်ယောက်ကတော့ အများနဲ့ မတူပဲ ငိုင်နေတယ်။ ဆရာကြီး ကျောင်းသားလေးကို ကြည့်ပြီး သေချာ စဉ်းစားလိုက်တော့ သူ ဒီကျောင်းသားနဲ့ စကားမပြောရသေးဘူးလို့ အမှတ်ရတယ်။
    ဒါကြောင့် ကျောင်းသားလေးဆီကို ဆရာကြီး သွားပြီး...

    “ သားကရော ဘယ်နေရာကနေ ဒီကပွဲကြီးမှာ ပါဝင်တာလဲကွ။ ”

    ဆရာကြီး ဒီလို လာမေးတော့ ကျောင်းသားလေးဟာ အံ့သြပြီး လန့်သွားတယ်။ နောက်မှ....

    “ ကျွန်တော့်နေရာက ဘာမှ မပြောပလောက်ပါဘူး ဆရာကြီး။ ”

    “ ဟေ ဘာလို့ မပြောပလောက်တာလဲ။ ပြောပါဦး။ မင်းက ဘယ်နေရာမှာ တာဝန်ယူရတာလဲ။ ”

    “ တာဝန်ရယ်တောင်မှ မဟုတ်ပါဘူး ဆရာကြီးရယ်။ ကျွန်တော်က သူများတွေလို ဘာမှ မတတ်လေတော့ သူများတွေလို မလုပ်နိုင်ဘူးလေ။ ဒါကြောင့် ကျွန်တော်က အခုကပွဲမှာ ကပွဲရဲ့ ကုလားကာ လိုက်ကာ အတင် ၊ အချအတွက် ကုလားကာ လိုက်ကာ ကားဆွဲပါ။ ”

    “ ဟာကွာ.။ ဒီနေရာက ဘာလို့ အရေးမကြီးရမှာလဲ။ ကပွဲတစ်ခုမှာ ဒီနေရာက အရေးအကြီးဆုံးပဲကွ။ ဘာလို့လဲဆိုတော့ မင်းသာ ဒီကုလားကာကြီးကို ဆွဲတင်မပေးဘူးဆိုရင် ကပွဲပြင်ဆင်သူတွေ ပြင်ဆင်ထားတဲ့ ကပွဲစင်ကြီး အပြင်အဆင်ကို ပရိသတ်ကြီး ဘယ်လိုမှ မတွေ့နိုင်ဘူး။

    ဒီလိုပဲ မင်းသား ၊ မင်းသမီးတွေ ၊ သရုပ်ဆောင်တွေလည်း သူတို့ သရုပ်ဆောင်မှု ဘယ်လောက်ကောင်းကောင်း မင်းသာ ဒီလိုက်ကာကြီးကို ဆွဲမတင်ပေးရင်သူတို့ သရုပ်ဆောင်တာတွေကို ပရိသတ်ကြီး ဘယ်လိုမှ မြင်ခွင့်ရမှာ မဟုတ်ဘူး။

    တခြား တခြားသော ကပွဲ ပြင်ဆင်သူထားသူတွေဟာ မင်းရဲ့ ကုလားကာ လိုက်ကာကြီး ဆွဲမတင်ပေးရင် ဒီကပွဲ ဆိုတာကို မြင်တွေ့ရမှာ မဟုတ်ဘူးလေ။ တကယ်လို့ တစ်ခုခု ဖြစ်ခဲ့ရင်လည်း ကုလားကာ လိုက်ကာကြီးကို မြန်မြန်ချ ရဦးမယ်လေ။ ဒါကြောင့် ဒီကပွဲမှာ သူတို့တွေ ဘယ်လောက် ကြိုးစားထားထား မင်းသာ တစ်ခုခု ပေါ့လျော့လိုက်ရင် ဒီကပွဲကြီး အလကား ဖြစ်သွားပြီ..။ မအောင်မြင်နိုင်တော့ဘူး။

    ဒါကြောင့် ဒီကပွဲမှာ မင်းက အရေးအကြီးဆုံးပဲ။ ဒါကြောင့် ကုလားကာ လိုက်ကာတွေ ၊ ဆိုင်းကြိုးတွေကို သေချာ ဂရုစိုက် ၊ ကြိုးတွေမှာ ဆွေးတာတွေ ၊ ပြတ်တာတွေ မဖြစ်စေနဲ့ ဟုတ်ပြီလား။ ” ပညာရေးမှူး ဆရာကြီး ဒီလို ပြောအပြီးမှာတော့ ခုနက ငိုင်နေတဲ့ ကျောင်းသားလေးဟာ ငါက ဒီလောက်တောင်မှ အရေးပါပါလား ဆိုပြီး တတ်တတ်ကြုဖြစ်လာခဲ့

    အခု စာဖတ်သူ သူငယ်ချင်းတွေကရော ဘယ်လို ထင်ပါသလဲ။ လောကမှာ အရေးမပါတဲ့ သူဆိုတာ ရှိနိုင်ပါ့မလား။ တကယ်လို့ အရေးမပါတဲ့ သူကို တွေ့ထားတယ် ဆိုရင်တော့ ဒီလူကို ကိုယ်က မသုံးတတ်တာ ၊ သူရဲ့ အစွမ်းအစကို မကြည့်တတ်တာပဲ ဖြစ်ပါလိမ့်မယ်။
    ဒီ ပညာရေးမှူး ကျောင်းဆရာကြီးဟာ နောင်တစ်ချိန်မှာ “ အမျိုးသားပညာဝန် ဦးဖိုးကျား ” ဆိုပြီး ကျော်ကြားလာပါတော့တယ်။
    မူရင်း။ ။ ဒီနေရာမှ
    သူငယ်ချင်းများကို လေးစားခင်မင်လျှက်
    ***မင်းနေ***

    +++သူလေးသိပါစေ+++




    ဘယ်တွေပျောက်ပြီး ဘာတွေလုပ်နေလဲ
    ကောင်မလေးရေ.....
    မင်းကို တစ်ရက်မတွေ့ရရင် မနေနိုင်တာ
    မင်းသိရဲ့သားနဲ့.......

    စကားမပြောရရင်နေပါစေ
    မင်းအကောင့်လေး online ဖြစ်နေရင်တောင်
    ပျော်ရွှင်နေသူပါ........

    ခုလိုဘာကြောင့် ဥပေက္ခာတွေ ပြုနေရတာလဲ?
    အဲ့လိုလုပ်မှ မင်းပျော်နေမယ်ဆိုရင်
    ငါအလွမ်းတွေ တစ်ပွေ့တစ်ပိုက်နဲ့
    မင်းပျော်ဖို့ အတွက်
    ငါကျေနပ်စွာ ခံယူပါ့မယ်........

    မင်းနဲ့အတူ သက်သေတည်
    ညတိုင်းစကားပြောခဲ့တဲ့ လမင်းကြီး
    မကွယ်ခင်တော့ င့ါဆီ အမြန်ပြန်လာပါနော်.......

    လူတိုင်းကို မေတ္တာထားနိုင်ပေမယ့်
    မင်းလောက်မချစ်နိုင်ဘူးဆိုတာ
    တကယ်မသိတာလား?????

    ပန်းလေး တစ်ပွင့်လို
    ပေါင်းသင် ရေလောင်း
    တစ်စိမ့်စိမ့် ကြည့်ပြီး ပျော်ရွှင်နေတဲ့
    ဥယျာဉ်မှူးလေး ဖြစ်ချင်ပေမယ့်....

    သူ့လို ဘေးလူခူး ပန်သွားတာကို
    ငါပြုံးပြုံးလေး နဲ့ ပေးလိုက်ရအောင်တော့
    မခံစားနိုင်လို့ပါ..........

    ဒါကြောင့် လှလို့ လာကြည့်တဲ့လူတွေကို
    သဝန်တိုမိတဲ့ ငါ့ကို ခွင့်လွတ်ပါလို့
    ဖူးစာ က သူငယ်ချင်းတွေ
    သက်သေထားပြီး ငါတောင်းပန်ပါတယ်
    အမြန်ပြန်လာပါတော့နော်.........

    2011 စက်တင်ဘာလ လောက်က စပ်ထားတဲ့ ခံစားမှုကဗျာလေးပါ...ခုချိန်ပြန်ဖတ်တော့လဲ ရယ်စရာဖြစ်နေတယ် ဟိဟိ... ခံစားချက် တူနိုင်တဲ့ ကဗျာချစ်သူ သူငယ်ချင်းများအတွက်ပါ....
                                                      လေးစားခင်မင်လျှက်
                                                           ***မင်းနေ***

    ***ဖဲအကြောင်းသိကောင်းစရာ***


    သူငယ်ချင်းအားလုံး မင်္ဂလာပါခင်ဗျာ.. ကျနော် ဒီနေ့ သူငယ်ချင်းတွေ အတွက် ဖဲအကြောင်းကို ဗဟုသုတအဖြစ်မျှဝေလိုက်ပါတယ်။ မကောင်းတာ သင်ပေးခြင်းမဟုတ်ပါ.. ဗဟုသုတ အဖြစ်သာတင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ တကယ်တော့ ကျနော်လဲ ဖဲ တကယ်မရိုက်၊မကစားတတ်ပါ။။။ဘေးထိုးတစ်ခါ 1500နဲ့ ဝင်ထိုးဖူးပါတယ် 5000ကျော်ဖြစ်လာပြီးမှ ကိုယ့်ဆီက 500ပြန်ပါသွားလို့ ဘယ်တော့မှ ဆက်မဆော့တော့ပါ။အလကားရတဲ့ ပိုက်ဆံ အလကားပဲဖြစ်တယ်... ကိုယ့်ချွေးနဲစာ လောက်တန်ဖိုး မမြင့်ဘူးလို့ သတ်မှတ်ထားလို့ပါ။ တစ်ချို့အရာတွေမှာ တတ်ဖို့ မလိုဘူး သိနေဖို့ပဲ လိုတယ် ဆိုတဲ့အတိုင်း...ကျနော် ဖတ်ရှုမှတ်သားဘူးတာလေးကို ဗဟုသုတ အလို့ငှာ ပြန်လည်မျှဝေပေးလိုက်ရပါကြောင်း... :D
    ဖဲချပ်ရဲ့ မူလက (၇၈)ချပ်ရှိတယ်တဲ့။ Major က (၂၂)ချပ်နဲ့ Minor က (၅၆)ချပ်ရှိပါတယ်တဲ့... ပေါင်း ၇၈ ချပ်ပေါ့။
    Major မှာ မှော်ဆရာပုံ၊ဘုရင်မပုံ၊လူပျံတော်ပုံ၊စစ်ရထားပုံ၊အရူးပုံ စသည့်ဖြင့် (၂၂)ချပ်လုံး ရုပ်ပုံတွေနဲ့ ပြုလုပ်ထားပါတယ်။
    Minor မှာ အုပ်စု (၄)မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ တုတ်၊ဓါး၊ခွက်၊ကြယ် ဆိုပြီး လေးမျိုး ရှိပါတယ်တဲ့။

    တစ်မျိုးကို (၁)ကနေ (၁၀)ထိရှိပါတယ်။အဲ့ဒီ ဆယ်မျိုးအပြင် 
    မင်းစေ၊သူရဲကောင်း၊ဘုရင်၊ဘုရင်မ ဆိုပြီး လေးမျိုးထပ်ပေါင်းထားပါတယ်။

    ဥပမာ တုတ်ဆိုရင်~~~တုတ်၁ တုတ်၂ တုတ်၃ စသည်ဖြင့် ၁၀ချပ်+တုတ်မင်းစေ+တုတ်သူရဲကောင်း+တုတ်ဘုရင်+တုတ်ဘုရင်မ အားလုံးပေါင်း တစ်မျိုးကို (၁၄)ချပ်ရှိပါတယ်။လေးမျိုးဆိုတော့ (၅၆)ချပ်ပေါ့။
    နောက်ပိုင်းမှာတော့

    သူရဲကောင်း-ဂျက်ဖဲ
    တုတ်ဖဲ-ညှင်းဖဲ
    ဓါးဖဲ-စပိတ်ဖဲ
    ခွက်ဖဲ-ဟက်ဖဲ
    ကြယ်ဖဲ-ဒိုင်းမွန်းဖဲ ဆိုပြီး အသီးသီးပြောင်းလာခဲ့ပါတယ်။ မင်းစေဖဲနဲ့ Major (၂၂)ချပ်ကိုထုတ်ပစ်လိုက်ပြီး မေဂျာထဲမှ တစ်ချပ်ဖြစ်တဲ့ Fool(ဖူးလ်)ဆိုတဲ့ အရူးဖဲကိုတော့ ဂျိုကာလို့ ပြောင်းလဲ ခဲ့ပါတယ်။

    ဖဲချပ်များကို အစဦးတွင် တိရစ္ဆာန်၏သားရေများဖြင့် ပြုလုပ်ခဲ့သည်။ ရှေးအခါက အလောင်းကစား ကရိယာမဟုတ်ခဲ့ပါ။ရှေးဦးဂမ္ဘီရပညာရှင်တို့ အသုံးပြုခဲ့သော ပညာကို "သြကာတဇင်း" ဟုခေါ်၏။ ထိုပညာရှင်တို့မှ ၎င်းတို့ပညာကို ကမ္ဘာတည်စိမ့်သောငှာ လက်ဆင့်ကမ်းသယ်ဆောင်မည့်သူတို့ ရှာဖွေရာ လောင်းကစားသမားများကို တွေ့လေ၏။ ထို့ကြောင့် ပညာကို လောင်းကစား ပညာဖြင့် ဖန်တီးကာ ကမ္ဘာဦးလောင်းကစားသမားတို့၏ လက်သို့ ဝကွက်၍အပ်ခဲ့လေသည်။
    မင်းစေဖဲကို ဖြုတ်ပစ်ရခြင်းကို သြကာတဇင်း ပညာရှင် တို့က ဘုရင်၊ဘုရင်မနှင့် သူရဲကောင်းဆိုသည်မှာ လာတ်မစား..   ပြည်သူ၊ပြည်သားနဲ့အုပ်ချုပ်သူကြား ဆက်စပ်ပေးသော မင်းစေဖဲချပ်သာလျှင် လာတ်စားနိုင်သည်ဟူ၍ ၎င်းအားဖြုတ်ပစ်ခဲ့ခြင်းဖြစ်သည်။
    စစ်ကြိုခေတ်က နာမည်ကြီးခဲ့သော ဖဲထုပ်များမှာ  ပိတုန်းဖဲထုပ်၊ ၊အေဝမ်းဖဲထုပ်များဖြစ်၏။ စစ်ပြီးခေတ်မှာတော့ ဂဏာန်းသုံးလုံးတူဖဲထုပ်များ သုံးသုံးလုံး၊ရှစ်သုံးလုံး၊ကိုးသုံးလုံးဖဲထုပ်များ၊ကြောင်နက်တံဆိပ်ဖဲထုပ်၊ အမျိုးသမီးပုံဖဲထုပ်၊နာရီတံဆပ်ဖဲထုပ်  စသည် မြောက်များစွာ ဖဲထုပ်များပေါ်လာခဲ့သည်။
    ဖဲကစားသူတို့သည် ဒီအတိုင်းလှန်၍ကြည့်လျှင် ဒီဖဲချပ်-ပွတ်၍ကြည့်လျှင်လည်း ဒီဖဲချပ်ဟု သိလျက်နှင့်ပင် ချက်ခြင်းလှန်၍ကြည့်သူ နည်းလှသည်။ အဘယ့်ကြောင့် ပွတ်ကြည့်သနည်းမှာမူ တချက်တည်းလှန်၍ကြည့်ပါက အဖြေကို ချက်ခြင်းသိရ၏၊ ထိုသို့မကြည့်ပဲ ပွတ်၍ကြည့်လျှင် အဖြေမှန်ကို မသိမီစပ်ကြား စိတ်လှုပ်ရှားစွာဖြင့် အမျိုးမျိုးအဖုံဖုံ ယူဆခွင့်ရှိ၏။ ထိုယူဆခွင့်သည် ဖဲသမားတို့၏ အရသာများအနက် တစ်ခုသော အရာသာဖြစ်သည်ကို ဖဲသမားမှသာလျှင် အတိအကျပြောနိုင်ပေလိမ့်မည်။
    ပြီးခဲ့တဲ့ 2နှစ်ကျော်လာက်က ဂျာနယ်တစ်ခုမှာ ဖတ်ဖူးလို့ Note book ထဲတွင်မှတ်သားဖူးတာလေးကို ပြန်လည်မျှဝေပေးလိုက်ရပါသည်။
    စာချစ်သူ သူငယ်ချင်းများကို လေးစားခင်မင်လျှက်
                    ***မင်းနေ***

    +++ရင်တွင်းစကား သူ ကြားသိစေ+++

    ချစ်ခဲ့ဖူးတာကိုအပြစ်ဖွဲ့ မဆိုရက်ပေမယ့်
    ဖြစ်ပျက်ခဲ့တာကိုတော့
    မေ့ပစ်ဖို့ လိုမယ်လေ.....

    မာနတွေ ရှိခဲ့သော်လည်း
    သည်လူ ခဝါချ ချစ်ခဲ့တော့
    အနာတရ ဖြစ်ဖို့မပြောနဲ့
    အခါတစ်ရာမက ဆက်ချစ်ပြမယ်.....

    မုန်တိုင်းထန်တဲ့ ဘဝမှာ
    အချစ်ကို မှိုင်းခံထားသော်လည်း
    အရိုင်းပန်းမို့ လှမ်းဆက်ချင်တယ်ဆို
    အိပ်မက် ဆန်နေမလားပဲနော်......

    ရုန်းကန်နေရပေမယ့်
    ဘုန်း(ရှေး)ကံကြောင့်
    နှလုံး(ရင်ခုန်)သံ ထလာရင်တောင်
    ငါ့အဖြစ်က အရှုံးခံလိုက်ရ မလိုလို.....

    မင်းကိုချစ်မိ အပြစ်ရှိလို့
    အရှုံးကြီးရမယ် ဆိုရင်လည်း
    အမုန်း ပြင်း မဟုတ်တာမို့
    ကျေနပ်စွာ ပြုံး ဖြီးနေဦးမယ်ဆိုတာ ယုံပေးနော်~~~~~~

    မျှဝေခံစားသီကုံးသည်။
    ကဗျာချစ်သူများကို လေးစားချင်မင်လျှက်

    ***မင်းနေ***

    +++နောင်တ အလင်း+++


    ဒီဝတ္တုတိုလေးကို ဖူးစာရှင်လေးပြိုင်ပွဲမှာ ဝင်ဖူးပါတယ်။ အကဲဖြတ် ဆရာတွေပြောတဲ့ လိုအပ်ချက်ကို ပြန်ပြင်ပြီး ၂၅ပုဒ်မို့လို့ မဖတ်ဖြစ်လိုက်တဲ့ သူငယ်ချင်းတွေအတွက် တင်ပေးလိုက်ပါတယ်နော်။
      *****************************(၁)************************************
                 “ဟေ့ကောင်သူရိန် ထုတ်ပိုးလို့ ပြီးပြီလား။” အနီးရှိသူငယ်ချင်း မင်းခ မှလမ်းမေးလိုက်ခြင်းဖြစ်သည်။
    “ အင်း မင်းခ ပြီးပြီ ခဏနေငါတို့ စထွက်ရအောင်။” မင်းခက ကျနော့်အတွက်တော့ သူငယ်ချင်းပေမယ့် တကယ့် ညီကိုရင်းလို ချစ်ရပါသည်။ သူနှင့် ဒီရောက်မှ သိသော်လည်း အပြန်အလှန်ကူညီ ထိန်းကြောင်းကူညီရင်း အရမ်းကို ရင်းနှီးသွားကြတာပါ။ ဒီနေ့ ရာသီဥတုက ပုံမှန်ထက်သာယာနေသည်။ တိမ်သားကင်းစင်ပြီး နွေဆိုတဲ့ အလှကို အပြည့်အဝဖြည့်ဆည်းပေးနေသယောင်။ အရာအားလုံးက ကျွန်တော့အတွက် လှပနေ၏။ ချိုမြိန်နေ၏။ အရမ်းလဲ တောင်းတနေရတဲ့ ရက်လေးပေါ့။ ဟုတ်တယ် ကျနော်ဒီနေ့လေးကို ရောက်ဖို့ လေးနှစ်စောင့်ကျော် စောင့်ခဲ့ရသည်။ ရာသီဥတုခြားနားမှု၊ အစားအသောက်ခြားနားမှု၊ဘာသာစကားခြားနားမှု၊လူမျိုးနှင့်ကိုယ်ကွယ်ဘာသာခြားနားမှု စတဲ့ ခြားနားမှုပေါင်းများစွာရှိတဲ့ ဥရောပ နိုင်ငံတစ်ခုကို ရောက်နေတဲ့ကျွန်တော် အိမ်ပြန်ချိန် ရောက်မယ့် ဒီနေ့လေးမှာ ဘယ်လောက်ထိ ပျော်ရွှင်နေတယ်ဆိုတာ ပြောပြဖို့ စကားလုံးရှာမရအောင်ပါလား။
    “ဟာ သူရိန် မင်းကလဲကွာ ကြာလိုက်တာ အလှပြင်နေတာလား။” မင်းခ လှမ်းနောက်မှ ချက်ခြင်း လက်စသတ်ပြီးထွက်ခဲ့တော့သည်။
    “မဟုတ်ပါဘူးကွာ လာပါပြီ။ မင်းရောအားလုံးပြီးပြီလား”
    “ကြာပေါ့ ပြီးတာ… မင်းထွက်လာနိုး ထွက်လာနိုးစောင့်နေတာ”
    “အင်းပါ အခန်းရော အကုန်ရှင်းလင်း လက်စသတ်နေလို့ပါ… မင်းလဲ ပြီးပြီဆို သွားရအောင်လေ။ ကားရောက်ပြီလား”
    “အင်းခေါ်ထားတယ်..မင်းပြောလို့လားမသိဘူး ဟိုမှာ ရောက်လာပြီ..သွားမယ်လစ်စို့”
    ကျွန်တော်တို့ အဆင်ပြေချောမွေ့စွာနဲ့ လေယဉ်ကွင်းကို ရောက်လာခဲ့သည်။ လေယာဉ်ကွင်းကို ကြိုရောက်နေလို့ နာရီဝက်လောက် စောင့်လိုက်ရသည်။ check in လုပ်ပြီး လေယာဉ်စထွက်တော့ ဒီနေရာမှာ နှစ်ရှည်လများ ကျင်လည်ခဲ့တဲ့ကျနော် လွမ်းသလို ဆွေးသလိုခံစားလိုက်ရသည်။ ဒါပေမယ့် အိမ်ကိုပြန်ရောက်တော့မှာဆိုတဲ့ အပျော်ကိုတော့ မလွှမ်းမိုးနိုင်ပါ။ အမေနဲ့လဲ တွေ့ချင်လှပြီ။ ဖုန်းဆက်ဖြစ်တိုင်း အမေနှင့် မတွေ့ပဲ အစ်မနဲ့တွေ့တာများသည်။ အမေက ယာထဲ၌ ကိုယ်တိုင်ကြီးကြပ်ရတာကိုမှ သဘောကျသူ။ စကားပြောဖြစ်လို့ ပိုက်ဆံ ပို့ပေးမည် ဆိုလျှင်လည်း အတင်းငြင်းလေ့ရှိသည်။ သားပဲ လောက်အောင်သုံးပါ၊ သားကအဝေးမှာဆိုတော့ ပိုက်ဆံလိုရင် ရှာရခက်တယ် ဒီမှာက ဆွဲသုံးလို့ရတယ်ဟုသာ ပြောသည်။ ကျွန်တော် အလုပ်သွားလုပ်ဖို့အတွက် ယူသုံးထားတဲ့ ပိုက်ဆံကိုတောင် အတင်းတောင်းပန်ပြီး လွဲပေးရသည်။ အမေဟာ သား၊သမီးကို အရမ်းချစ်လွန်းလှသည်။ ပေးဆပ်သူသက်သက်ပင်။ အမေ့မှာ ဦးလေး ခင်ဝင်းဆိုတဲ့ မောင်လေး တစ်ယောက်ရှိသည်။ အဖေမရှိတော့တဲ့ ကျွန်တော့်အဖို့ ဦးလေးခင်ဝင်းကို အဖေတစ်ယောက်လို အစ်ကို တစ်ယောက်ကို ချစ်ရသည်။ မနေ့က ဖုန်းရှိတဲ့ ဦးလေးခင်ဝင်းကို ပြန်လာမယ့် အကြောင်းဖုန်းကြိုဆက်ထားလို့ အမေနဲ့တွေ့ရတော့မှာမို့ အရမ်းပျော်နေမိသည်။ တွေးပျော်နေရင်း အတိတ်ကို ပြန်လည်သတိရသွားမိ၏။
    +++++++++++++++++++++++++(၂)+++++++++++++++++++++++++++
                               ကျွန်တော် (၆)တန်းနှစ်က အဖေဆုံးတော့ စိတ်လေခဲ့ပါသေးတယ်။အဲအချိန်မှာ အမေဟာ ကျွန်တော့် အတွက်တော့ မဟာတံတိုင်းကြီးပါပဲ။ အမေခဏခဏပြောတဲ့ စကားက ငါ့သား စားကြိုးစားနော် အမေတို့လိုတောင်သူလယ်သမားတွေက အရမ်းပင်ပန်းတယ် ငါ့သားလုပ်နိုင်မှာမဟုတ်ဘူး စားကြိုးစားနော်တဲ့။ သားကိုပညာတတ်ကြီးဖြစ်စေချင်တယ်။ အရိပ်အာဝါသအောက်မှာ ဘော့ပင်လေးကိုင်ပြီး အလုပ်လုပ်စေချင်တယ် ဆိုတဲ့အမေ့တစ်ယောက်ရဲ့ သားအပေါ် မျှောင့်လင့်ချက်တွေပါပဲ။ ဟုတ်ကဲ့ပါအစ်မေ သားကြိုးစားပါ့မယ်လို့ ကတိပေးပြီး ကျွန်တော် (၁၀) တန်းကို နှစ်ချင်းပေါက်အောင်ခဲ့ပါတယ်။ အောင်စားရင်ထွက်တဲ့နေ့က အမေပျော်နေတဲ့ပုံလေး မျက်စိထဲက မထွက်ဘူး။ သားတစ်ယောက်အပေါ် ယုံကြည်မှုတွေ ချစ်ခင်မှုတွေဟာ အမေ့ရဲ့မျက်နှာမှာအထင်းသားမြင်နေရပါသည်။ အမေပြောတဲ့စကားတိုင်းဟာ ကျနော့်အတွက်တော့ အားတစ်ခုပါပဲ။ တက္ကသိုလ် အတွက် ကျောင်းတွေ အပ်နေကျတော့ အမေက
    “သား သူများတွေ ဖောင်တွေဖြည့်နေကြပြီလေ သားရော ဘာလျှောက်မလဲ”
    “သား ကျောင်းမတတ်ချင်တော့ဘူး အမေ”
    “ဘာ…. ”အမေ့ဆီမှာ ဒေါသတကြီး ပထမဆုံး ကြားဖူးခြင်းပါ။
    “ဟုတ်တယ် အမေ သားမတတ်ချင်တော့ဘူး အိမ်မှာ မိန်းမသားနှစ်ယောက်တည်း… သားကူညီချင်တယ်” အစ်မနဲ့ အမေကို သနားလို့ ပြောလိုက်ခြင်းပါ။
    “မလိုဘူး… အဲ့ဒါ နင့်အလုပ်မဟုတ်ဘူး နင်လုပ်ရမှာက ကျောင်းတတ်ဖို့ စာကြိုးစားဖို့”
    “မမကတော့ ဘေးနားက ဘာမှမပြောပဲ နားထောင်နေပြီးတော့မှ မောင်လေးရယ် ကျောင်းပဲ ဆက်တတ်ပါ
    မမတို့ လုပ်နိုင်ပါတယ် ကိုယ်တိုင်လုပ်ရတာမှ မဟုတ်တာ ခိုင်းရုံပဲလေ.. အမေလဲ ဖြစ်စေချင်နေတာပဲ”
    “ဒါပေမယ့် မမရယ် ငါ ဘယ်လို တတ်ရက်မလဲဟာ”
    “တော်တော့ သူရိန်… ငါပြောပြီးပြီ အဲ့ဒါ နင့်အလုပ်မဟုတ်ဘူးလို့” အမေမှ နောက်တစ်ခွန်း ရာဇသံ ထပ်ပေးလိုက်သည်။
    ကျွန်တော် အတွန့်ဆက်တတ်ဖို့အတွက် မဖြစ်နိုင်တော့ပဲ လက်ခံလိုက်ရပါသည်။ဖောင်တင်ပြီး သချာင်္ရတာနဲ့ အိမ်နဲ့အလှမ်းကွာတဲ့ မြို့ကို  Day သွားတတ်ခဲ့သည်။

    ++++++++++++++++++++++++(၃)+++++++++++++++++++++++++++++
                           အိမ်က ပို့တဲ့ပိုက်ဆံ လောက်ငှ သည်မရှိ။ သောက်လိုက်စားလိုက် ပျော်လိုက်ပါးလိုက်နဲ့ ဘွဲ့တစ်ခုသာ ရသွား၏။ ဘာမှန်းမသိ။ မြန်လိုက်တဲ့အချိန်တွေ ကုန်လိုက်တဲ့ငွေ။ အိမ်လဲ နဲ့နဲ့ပဲ ကျန်တော့သည်။ ဆရာကြီးပီမိုးနှင်းပြောတဲ့ အချိန်နဲ့ကျန်းမာခြင်းဆိုတဲ့ အရင်းအနှီးရှိတဲ့လူအဖို့ ပညာနဲ့ဥစ္စာအရင်းအနှီးရရန် ပူစရာမလိုဘူးဆိုတဲ့ စကား ကျွန်တော့်အတွက် မှားနေသယောင်။ အလုပ်လုပ်မယ် စဉ်းစားတော့လဲ ဟိုအလုပ်က မကောင်းဘူး ဒီအလုပ်က လခနည်းတယ် စိတ်မပါတာနဲ့ အိမ်မှာသောင်တင် ဝေလေလေ ဖြစ်နေ၏။ အလုပ်မလုပ်ဘူး အလုပ်ရှားတယ်ဆိုတဲ့ ကျွန်တော့်ရဲ့ အကြီးမှားဆုံးသော အတွေးမှားကြီး တစ်ခုဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် သူများနိုင်ငံရောက်မှသိခဲ့ရသည်။ ဘွဲ့ရပညာတတ်တစ်ယောက်အနေဖြင့် မိဘအလုပ်ကို တွေးတောကြံဆပြီး နည်းအသစ်တွေနဲ့ လုပ်လျှင်တောင် အောင်မြင်နိုင်သည်။ ရာသီပေါ်သီးနှံ အထွက်တိုးအောင် လုပ်နိုင်ပါလျှက် သူများနိုင်ငံကို အထင်ကြီးခဲ့မိသည်။ ပြောတိုင်းယုံတတ်ပြီး တွေးတောမကြံဆပဲ သူများပြောတိုင်း ခေါင်းငြိမ့်တတ်ခြင်းရဲ့ အားနည်းချက်က  စာဖတ်အား နည်းခဲ့လို့ ဆိုတာ နောက်ပိုင်းမှ သိခဲ့ရသည်။ တစ်ရက်တော့ အပြင်သွားရင်း သူငယ်ချင်း တစ်စုနဲ့တွေ့သည်။
    “သူရိန် ငါတို့ သူငယ်ချင်းတွေ ပြည်ပ အလုပ်သွားလုပ်မလို့ မင်းလိုက်အုံးမလား”
    “အင်း လိုက်တော့ လိုက်ချင်တယ်ကွာ အမေက ခွင့်ပြုပါ့မလား မသိဘူး”
    “ပြောကြည့်ပေါ့… လခ ကောင်းတယ်ပြောတယ်ဟ မင်းလဲ ခုထိ အလုပ်မှ မရှိသေးတာ လိုက်ခဲ့ပေါ့ ငါတို့တွေ အဖော်ရှိတာပဲ”
    “အင်း သယ်ရင်း ငါကြိုးစားကြည့်မယ်ကွာ..” စိတ်အားထက်သန်လာတဲ့အတွက် အိမ်ပြန်ရောက်တယ်ဆိုရင်ပဲ
    “အမေ သား ပြည်ပ အလုပ်သွားလုပ်ချင်တယ်”
    “သားရယ် မသွားပါနဲ့လား အိမ်မှာလုပ်လဲ ရတာပဲကို”
    “အိမ်မှာ ဘာလုပ်စရာရှိလို့လဲ အမေရယ်… မြန်မာနိုင်ငံက သိတဲ့အတိုင်း အလုပ်ကလဲတအား ရှားနေတာ”
    “အမေကတော့ မသွားစေချင်ဘူးကွယ်”
    “အမေရယ် သူငယ်ချင်းတွေနဲ့ တူတူသွားမှာလေ…ပြီးတော့ သားလဲ ကလေးမှ မဟုတ်တော့တာ ကိုယ့်ခြေထောက်ပေါ် ကိုရပ်နိုင်ပါတယ်။”
    “အင်း အမေယုံပါတယ် သားကို”
    “ဒါဆို အမေခွင့်ပြုပေးနော်…” အင်းမလုပ်၊ အဲမလုပ်နဲ့ ဒီတိုင်းထားလိုက်ပြီး တစ်လလောက်ကြာမှ သူငယ်ချင်းတွေက သွားဖို့အတွက် စချိတ်နေလေပြီ။ ဒီတော့မှ အမေ့ဆီတစ်ခါ အပူကပ်ရပြန်သည်။
    “အမေ သားဟိုတစ်ခါပြောထားတာလေ အဲ့ဒါ ခုသူငယ်ချင်းတွေ စပြီးချိတ်နေကြပြီသွားဖို့”
    “ဘာကို ပြောတာလဲသား”
    “ဟင် အမေ့ကို သားပြည်ပအလုပ်သွားလုပ်ချင်လို့ ခွင့်တောင်းထားတာလေ ”
    “ဟုတ်လား အမေ မမှတ်မိဘူး သား”
    “ဟင် အမေ တကယ်မမှတ်မိတာလား”
    “အင်း သား အမေ ခဏခဏမေ့တတ်နေတယ်သားရယ်…”
    “ဟုတ်တယ် အမေ…အမေကို မောင်လေးပြောသေးတယ် အမေတောင် အင်းမလုပ်၊အဲမလုပ်နဲ့လေ”ဘေးမှ အစ်မ ဝင်ပြောပေးလို့ အမှတ်ရသွားသည်။
    “အော် အင်းမှတ်မိပြီ.. သားအရမ်းသွားချင်နေတယ်ဆိုလဲ သွားပါ… အမေ ပိုက်ဆံ ရှာပေးမယ် လိုတာကို ပြန်ပြောနော်သား”
    “ဟုတ်ကဲ့ အမေ… သူငယ်ချင်းတွေ သွားချိတ်လိုက်အုံးမယ် အမေ”
    “အင်းအင်း သား” ဒီလိုနဲ့ ကျနော် ပြည်ပကို ရောက်လာခဲ့ခြင်းဖြစ်သည်။
    “မကြာမှီ လေယာဉ် ဆင်းသက်တော့ပါမယ်….”  လေယာဉ်မယ် တစ်ဦးမှ လေယာဉ် ဆင်းဖို့ ဆောင်ရန်ရှောင်ရန်တွေ ပြောမှ သတိပြန်ဝင်လာ၏။

    ++++++++++++++++++++++(၄)++++++++++++++++++++++++
                                   “ဟေးးးးးး င့ါတူ သူရှိန်” ဦးလေး ခင်ဝင်းမှ လက်ပြလှမ်းခေါ်နေတာတွေ့လို့ တွေ့တဲ့အကြောင်း ပြန်အချက်ပြလိုက်သည်။
      “ဟားးးးးးး င့ါတူ လှလို့ ဝလို့ပါလား”
    “ဟား ဦးလေးကလဲ ခန့်လာတယ်လုပ်ပါဗျ” ပြန်နောက်လိုက်ပြီး ဘေးဝဲယာအမေ့ကိုရှာကြည့်တော့ မတွေ့သဖြင့်
    “ဦးလေး အမေရော”
    “အင်း င့ါတူရာ သိပ်နေမကောင်းလို့ မင်းအမေ လိုက်မလာဘူး” ဦးလေးမျက်နှာ တစ်မျိုးဖြစ်သွားတယ်ဆိုတာ ကျွန်တော် သတိထားမိသည်။
    “အော် ဟုတ်လား ဒါဆိုသွားမယ်လေ”
    “အေးအေး ငါ့တူ ကားငှားပြီးသား.. သွားရအောင်”
    “ဟုတ်ကဲ့ ဦးလေး” စိတ်က အိမ်ကို အမြန်ရောက်ချင်နေသည်။ ထင်တော့ထင်တယ် ဖုန်းဆက်တဲ့အချိန်တိုင်း အမေ ယာထဲ သွားတယ်ဆိုပြီး အစ်မနဲ့ပဲတွေ့နေတာ ဒါကြောင့်ကိုး။ မမက ဘာလို့ မပြောတာပါလိမ့်။ရပါတယ်လေ ငါ့မှာ လုပ်အားခ  ပိုက်ဆံတွေ ပါလာပြီပဲ အမေ့ကို ဆေးခန်းပြန်ပြီး မြန်မြန်ပျောက်အောင် ကုမယ်။စိတ်ကူးတွေ ပြန့်လွင့်နေသည်။ သိပ်မကြာပါဘူး ကားအိမ်ရှေ့ရောက်လို့ အထုတ်အပိုးအတွေ မြန်မြန်ချပြီး အမေ့ကို ပြေးတွေ့မိသည်။
    “အမေ သားပြန်လာပြီ” ဘာမှပြန်မပြော ကြောင်ကြည့်နေသည်။
    “အမေ သက်သာရဲ့လား…”ကြည့်နေရင်းမှ နားမလည်ဟန်ဖြင့်
    “မင်း ဘယ်သူလဲ”
    “ဟင်………..အမေ သားလေ သူရှိန်လေ… အမေ့သားလေဗျာ” ရင်ထဲစို့နစ်သွားသည်။ ကျွန်တော် သိပ်ချစ်ရတဲ့အမေ နှစ်ရှည်လများ  တွေ့ချင်လွန်းလို့ တသသ အောင့်မေ့၊သတိရနေတဲ့ အမေ။ ပြန်ရောက်ရင် မိသားစု ပျော်ပျော်ရွှင်ရွှင်နေမယ်လို့ စိတ်ကူးခဲ့တဲ့ စိတ်ကူးတွေ။ ခုတော့ ခုတော့… “မင်း ဘယ်သူလဲ”တဲ့ နားမလည်နိုင်ခြင်းတွေနဲ့ ပြောမပြတတ်အောင် ထိခိုက်ခံစားပြီး မျက်ရည်တွေ အလိုလို စီးဆင်းလာသည်။
    “ငါ့တူ အပြင်ခန လာဦးကွာ” ဦးလေးမှ ဝမ်းနည်းသံနဲ့ လှမ်းခေါ်သဖြင့် ကျွန်တော်အမေ့ ရှေကနေ ဦးညွတ်ထွက်လာခဲ့သည်။
    “ဦးလေး ဘယ်လိုဖြစ်ရတာလဲဗျာ”
    “အင်း ငါ့တူ… မင်းအမေ မေ့တတ်နေတာကြာပြီး.. ခုသိပ်မကြာသေးဘူး ဘယ်သူကိုမှ မမှတ်မိတော့ဘူး”
    “ဟင် ဟုတ်လား…ဘာဖြစ်တာလဲ ဆရာဝန်ပြမကြည့်ဘူးလား..”
     မင်းအစ်မလဲ ပြတော့ပြတာပဲငါ့တူရာ ပိုက်ဆံကလဲမတတ်နိုင်တော့ သမားတော်နဲ့ မပြနိုင်ဘူးလေကွာ။ မင်းကို လှမ်းပြောပြီး ကုရအောင်ဆိုတော့လဲ မင်းအမေက လက်မခံဘူး။ မင်းစိတ်ပူမှာဆိုးတာရတာနဲ့ မင်းအဆင်မပြေမှာတွေကို  တွေးပူပြီးမပြောခိုင်းဘူး။ မင်းသွားတည်းက ပိုပိုမေ့တတ်လာတာ။ အိမ်က ယာတွေကလဲ အစ်မ မဦးစီးနိုင်တော့ အဆင်မပြေဘူး ငါ့တူ။ မင်းအစ်မကလဲ အမေကို ပြုစုရတစ်ဖက်ဆိုတော့ အလုပ်တွေ လစ်ဟင်းတာပေါ့ကွာ။
    “ဟုတ်လား………”  ကျွန်တော် ဒီတစ်ခွန်းပဲ ပြောနိုင်တော့သည်။ ပါးစပ်တွေ အလိုလိုစွံ့အ သွားသည်။ ငါ့ကြောင့်… င့ါကြောင့် အမေခုလိုဖြစ်ရတာ..(ငါ့ကြောင့်)တွေ များစွာဖြင့် ကျနော် ယူကျုံးမရခံစားရသည်။သူများနိုင်ငံမှာ စက်ရုပ်သံပတ်ပေးထားသလို သွားလုပ်တာကိုမှ အထင်ကြီးမိခဲ့တဲ့ကျွန်တော်။ ပိုက်ဆံသာအဓိကလို့ ထင်ပြီး ကုန်းရုန်းရှာခဲ့တဲ့ကျွန်တော်။ အမေကို ပြစ်ထားသလို ဖြစ်ခဲ့မိသည်။ နောင်တတွေများစွာနဲ့။ သူများနိုင်ငံမှာ အလုပ်လုပ်သလိုသာလုပ်ရင် ကိုယ့်နိုင်ငံမှာ မကြီးပွားစရာအကြောင်းမရှိ။ သူများပြော လိုက်ယောင်တတ်တဲ့ကျွန်တော်။ ခုတော့ အားလုံးရဲ့တရားခံက ကျွန်တော်ပဲ ခွင့်မလွတ်နိုင်လောက်ရောင် ခံစားရသည်။ နာကျည်းရသည်။ မဖြစ်ဘူး အမေ့ကိုတော့ ရအောင် ပြန်ကုမယ်။ ဘယ်လောက်ကုန်ကုန် ငါ့ရှာလာတာ င့ါအမေအတွက်ပဲ ကုမယ်။
    “ဦးလေး နက်ဖြန် အမေ့ကို ဆရာဝန်ကြီးနဲ့ သွားပြန်ရင်မကောင်းဘူးလား” ဦးလေးနဲ့ တိုင်ပင်မိသည်။
    “အင်း ကောင်းတာပေါ့ ငါ့တူရာ… သွားမယ်လေ” ကျနော်တို့ ဆရာဝန်ကြီးသွားပြခဲ့သည်။ ပြီးတော့ ဆရာဝန်ကြီးက ခေါ်သဖြင့်သွားတွေ့ရသည်။
    “လူနာရှင်တွေလား”
    “ဟုတ်ကဲ့…လူနာက ကျွန်တော့်အမေပါ ဆရာ”
    “အင်း လူနာက Alzheimer’s Disease (အယ်လ်ဇိုင်းမား ရောဂါ) ခံစားနေရတာ။ နားလည်အောင်ပြောရရင် အတိတ်မေ့တတ်တဲ့ရောဂါပေါ့။”
    “ဟုတ်လား ဆရာ ”
    “အင်း ဟုတ်တယ်…ကျနော် ဦးနှောက်ကို အသေးစိတ် ဓါတ်မှန်ရိုက်ကြည့်ပြီးပြီ။ ဒါကြောင့် အယ်လ်ဇိုင်းမာရောဂါလို့ ပြောနိုင်တာပါ။ ဒီရောဂါက ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ လျော့နည်းပြီး ဦးနှောက်အတွင်း သွေးစီးဆင်းမှု ကျဆင်းလို့ ဖြစ်တာပါ။ဒီရောဂါတွေက အသက်ကြီးရင့်သူတွေမှာ ဖြစ်လေ့ရှိပါတယ်။”
    “အော် ဟုတ်လား ဆရာ… ဘယ်လိုပျောက်အောင် ကုနိုင်ပ့ါမလဲဆရာ”
    “ဝမ်းနည်းပါတယ်…. ဒီရောဂါက ပျောက်အောင်ကုနိုင်တဲ့ဆေးရဖို့ သုတေသနပြု လေ့လာဆဲပဲ ရှိသေးတယ်”
    “ဗျာ…………..”
    “ဟုတ်တယ်…ဒါပေမယ့် နေ့စဉ် နံနက်ပိုင်း အချိန် ၁၅မိနစ်ခန့် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်သွေး လည်ပတ်မှု မှန်ကန်စေပြီး ဦးနှောက်ဆဲလ်များ ပျက်စီးမှုကို ထိန်းပေးနိုင်ပါတယ်။”
    “ဟုတ်ကဲ့ ဆရာ ကျွန်တော် ကြိုးစားကြည့်လိုက်ပါ့မယ်” ကျွန်တော် ဆေးရုံက အပြန်အတွေးပေါင်းများစွားဖြင့် ပြန်လာခဲ့သည်။
    အမေ့ကို သေချာကြည့်ရင်း သားကို ခွင့်လွတ်ပါအမေ။ သားအရမ်းမှားသွားခဲ့ပါတယ်။ သားရှိရင်၊မသွားဖြစ်ခဲ့ရင်၊ သူများစကားတွေ နားမယောင်ဖြစ်ခဲ့ရင်၊ နိုင်ငံခြားဆိုတာကို အထင်မကြီးခဲ့ရင်၊အမေ ဒီလိုဖြစ်မှာမဟုတ်ဘူး။အားလုံးက သားကြောင့်ပါ။ သားကို ခွင့်လွတ်ပါ အမေ။ တကယ်တော့ ဘဝမှာ ငွေက အဓိက မကျဘူးဆိုတာ သားနားလည်လိုက်ပါပြီ အမေ။ မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ ကြိုးကြိုးစားစားလုပ်ရင် ပိုက်ဆံဆိုတာ ဖြစ်လာမယ်ဆိုတာ သားသိလိုက်ပါပြီ။ ဒါပေမယ့် သား တတ်သိ၊နားလည်တာ အမေ မသိတော့ဘူးအမေ။ သားအရမ်းကို မှားသွားခဲ့တယ် အမေ။ ဆရာကြီး ပီမိုးနင်းပြောတဲ့ စကားကို သားခုတော့ နားလည်သွားပါပြီအမေ။ ဒါပေမယ့် အမေ အားမငယ်နဲ့နော်။အမေသာလျှင် သားဘဝရဲ့ရှေ့ဆောင် လမ်းညွန်သူကြီးပါ။ အမေ့ဆီက သားလို့ ခေါ်သံ မကြားနိုင်တော့ပေမယ့် သားအမေ့ကို အနီးကပ် ပြုစုစောင့်ရှောက်ခွင့်ရပါသေးတယ်။ သားအတွက် ဘုရားပေးတဲ့ လက်ကျန်ဆုလေးကိုတော့ သား အမှတ်တရ မြတ်မြတ်နိုးနိုးနဲ့ သားပြုစုပေးမှာပါအမေ။ အမေ့ရဲ့ ရင်ထဲကနေ သားတစ်ယောက်အပေါ် ယုံကြည့်မှုအပြည့်နဲ့ ခေါ်လိုက်တဲ့ “သား” ဆိုတဲ့ အသံလေးတော့ တစ်ခေါက်လောက် ကြားချင်သေးတယ် အမေ~~~~~~~~~~~~~~~~~~~~~~
                                                                                    သူငယ်ချင်းများကို လေးစားခင်မင်လျှက်
                                                                                                  ***မင်းနေ***
     +*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*