Monday, November 5, 2012

+++နောင်တ အလင်း+++


ဒီဝတ္တုတိုလေးကို ဖူးစာရှင်လေးပြိုင်ပွဲမှာ ဝင်ဖူးပါတယ်။ အကဲဖြတ် ဆရာတွေပြောတဲ့ လိုအပ်ချက်ကို ပြန်ပြင်ပြီး ၂၅ပုဒ်မို့လို့ မဖတ်ဖြစ်လိုက်တဲ့ သူငယ်ချင်းတွေအတွက် တင်ပေးလိုက်ပါတယ်နော်။
  *****************************(၁)************************************
             “ဟေ့ကောင်သူရိန် ထုတ်ပိုးလို့ ပြီးပြီလား။” အနီးရှိသူငယ်ချင်း မင်းခ မှလမ်းမေးလိုက်ခြင်းဖြစ်သည်။
“ အင်း မင်းခ ပြီးပြီ ခဏနေငါတို့ စထွက်ရအောင်။” မင်းခက ကျနော့်အတွက်တော့ သူငယ်ချင်းပေမယ့် တကယ့် ညီကိုရင်းလို ချစ်ရပါသည်။ သူနှင့် ဒီရောက်မှ သိသော်လည်း အပြန်အလှန်ကူညီ ထိန်းကြောင်းကူညီရင်း အရမ်းကို ရင်းနှီးသွားကြတာပါ။ ဒီနေ့ ရာသီဥတုက ပုံမှန်ထက်သာယာနေသည်။ တိမ်သားကင်းစင်ပြီး နွေဆိုတဲ့ အလှကို အပြည့်အဝဖြည့်ဆည်းပေးနေသယောင်။ အရာအားလုံးက ကျွန်တော့အတွက် လှပနေ၏။ ချိုမြိန်နေ၏။ အရမ်းလဲ တောင်းတနေရတဲ့ ရက်လေးပေါ့။ ဟုတ်တယ် ကျနော်ဒီနေ့လေးကို ရောက်ဖို့ လေးနှစ်စောင့်ကျော် စောင့်ခဲ့ရသည်။ ရာသီဥတုခြားနားမှု၊ အစားအသောက်ခြားနားမှု၊ဘာသာစကားခြားနားမှု၊လူမျိုးနှင့်ကိုယ်ကွယ်ဘာသာခြားနားမှု စတဲ့ ခြားနားမှုပေါင်းများစွာရှိတဲ့ ဥရောပ နိုင်ငံတစ်ခုကို ရောက်နေတဲ့ကျွန်တော် အိမ်ပြန်ချိန် ရောက်မယ့် ဒီနေ့လေးမှာ ဘယ်လောက်ထိ ပျော်ရွှင်နေတယ်ဆိုတာ ပြောပြဖို့ စကားလုံးရှာမရအောင်ပါလား။
“ဟာ သူရိန် မင်းကလဲကွာ ကြာလိုက်တာ အလှပြင်နေတာလား။” မင်းခ လှမ်းနောက်မှ ချက်ခြင်း လက်စသတ်ပြီးထွက်ခဲ့တော့သည်။
“မဟုတ်ပါဘူးကွာ လာပါပြီ။ မင်းရောအားလုံးပြီးပြီလား”
“ကြာပေါ့ ပြီးတာ… မင်းထွက်လာနိုး ထွက်လာနိုးစောင့်နေတာ”
“အင်းပါ အခန်းရော အကုန်ရှင်းလင်း လက်စသတ်နေလို့ပါ… မင်းလဲ ပြီးပြီဆို သွားရအောင်လေ။ ကားရောက်ပြီလား”
“အင်းခေါ်ထားတယ်..မင်းပြောလို့လားမသိဘူး ဟိုမှာ ရောက်လာပြီ..သွားမယ်လစ်စို့”
ကျွန်တော်တို့ အဆင်ပြေချောမွေ့စွာနဲ့ လေယဉ်ကွင်းကို ရောက်လာခဲ့သည်။ လေယာဉ်ကွင်းကို ကြိုရောက်နေလို့ နာရီဝက်လောက် စောင့်လိုက်ရသည်။ check in လုပ်ပြီး လေယာဉ်စထွက်တော့ ဒီနေရာမှာ နှစ်ရှည်လများ ကျင်လည်ခဲ့တဲ့ကျနော် လွမ်းသလို ဆွေးသလိုခံစားလိုက်ရသည်။ ဒါပေမယ့် အိမ်ကိုပြန်ရောက်တော့မှာဆိုတဲ့ အပျော်ကိုတော့ မလွှမ်းမိုးနိုင်ပါ။ အမေနဲ့လဲ တွေ့ချင်လှပြီ။ ဖုန်းဆက်ဖြစ်တိုင်း အမေနှင့် မတွေ့ပဲ အစ်မနဲ့တွေ့တာများသည်။ အမေက ယာထဲ၌ ကိုယ်တိုင်ကြီးကြပ်ရတာကိုမှ သဘောကျသူ။ စကားပြောဖြစ်လို့ ပိုက်ဆံ ပို့ပေးမည် ဆိုလျှင်လည်း အတင်းငြင်းလေ့ရှိသည်။ သားပဲ လောက်အောင်သုံးပါ၊ သားကအဝေးမှာဆိုတော့ ပိုက်ဆံလိုရင် ရှာရခက်တယ် ဒီမှာက ဆွဲသုံးလို့ရတယ်ဟုသာ ပြောသည်။ ကျွန်တော် အလုပ်သွားလုပ်ဖို့အတွက် ယူသုံးထားတဲ့ ပိုက်ဆံကိုတောင် အတင်းတောင်းပန်ပြီး လွဲပေးရသည်။ အမေဟာ သား၊သမီးကို အရမ်းချစ်လွန်းလှသည်။ ပေးဆပ်သူသက်သက်ပင်။ အမေ့မှာ ဦးလေး ခင်ဝင်းဆိုတဲ့ မောင်လေး တစ်ယောက်ရှိသည်။ အဖေမရှိတော့တဲ့ ကျွန်တော့်အဖို့ ဦးလေးခင်ဝင်းကို အဖေတစ်ယောက်လို အစ်ကို တစ်ယောက်ကို ချစ်ရသည်။ မနေ့က ဖုန်းရှိတဲ့ ဦးလေးခင်ဝင်းကို ပြန်လာမယ့် အကြောင်းဖုန်းကြိုဆက်ထားလို့ အမေနဲ့တွေ့ရတော့မှာမို့ အရမ်းပျော်နေမိသည်။ တွေးပျော်နေရင်း အတိတ်ကို ပြန်လည်သတိရသွားမိ၏။
+++++++++++++++++++++++++(၂)+++++++++++++++++++++++++++
                           ကျွန်တော် (၆)တန်းနှစ်က အဖေဆုံးတော့ စိတ်လေခဲ့ပါသေးတယ်။အဲအချိန်မှာ အမေဟာ ကျွန်တော့် အတွက်တော့ မဟာတံတိုင်းကြီးပါပဲ။ အမေခဏခဏပြောတဲ့ စကားက ငါ့သား စားကြိုးစားနော် အမေတို့လိုတောင်သူလယ်သမားတွေက အရမ်းပင်ပန်းတယ် ငါ့သားလုပ်နိုင်မှာမဟုတ်ဘူး စားကြိုးစားနော်တဲ့။ သားကိုပညာတတ်ကြီးဖြစ်စေချင်တယ်။ အရိပ်အာဝါသအောက်မှာ ဘော့ပင်လေးကိုင်ပြီး အလုပ်လုပ်စေချင်တယ် ဆိုတဲ့အမေ့တစ်ယောက်ရဲ့ သားအပေါ် မျှောင့်လင့်ချက်တွေပါပဲ။ ဟုတ်ကဲ့ပါအစ်မေ သားကြိုးစားပါ့မယ်လို့ ကတိပေးပြီး ကျွန်တော် (၁၀) တန်းကို နှစ်ချင်းပေါက်အောင်ခဲ့ပါတယ်။ အောင်စားရင်ထွက်တဲ့နေ့က အမေပျော်နေတဲ့ပုံလေး မျက်စိထဲက မထွက်ဘူး။ သားတစ်ယောက်အပေါ် ယုံကြည်မှုတွေ ချစ်ခင်မှုတွေဟာ အမေ့ရဲ့မျက်နှာမှာအထင်းသားမြင်နေရပါသည်။ အမေပြောတဲ့စကားတိုင်းဟာ ကျနော့်အတွက်တော့ အားတစ်ခုပါပဲ။ တက္ကသိုလ် အတွက် ကျောင်းတွေ အပ်နေကျတော့ အမေက
“သား သူများတွေ ဖောင်တွေဖြည့်နေကြပြီလေ သားရော ဘာလျှောက်မလဲ”
“သား ကျောင်းမတတ်ချင်တော့ဘူး အမေ”
“ဘာ…. ”အမေ့ဆီမှာ ဒေါသတကြီး ပထမဆုံး ကြားဖူးခြင်းပါ။
“ဟုတ်တယ် အမေ သားမတတ်ချင်တော့ဘူး အိမ်မှာ မိန်းမသားနှစ်ယောက်တည်း… သားကူညီချင်တယ်” အစ်မနဲ့ အမေကို သနားလို့ ပြောလိုက်ခြင်းပါ။
“မလိုဘူး… အဲ့ဒါ နင့်အလုပ်မဟုတ်ဘူး နင်လုပ်ရမှာက ကျောင်းတတ်ဖို့ စာကြိုးစားဖို့”
“မမကတော့ ဘေးနားက ဘာမှမပြောပဲ နားထောင်နေပြီးတော့မှ မောင်လေးရယ် ကျောင်းပဲ ဆက်တတ်ပါ
မမတို့ လုပ်နိုင်ပါတယ် ကိုယ်တိုင်လုပ်ရတာမှ မဟုတ်တာ ခိုင်းရုံပဲလေ.. အမေလဲ ဖြစ်စေချင်နေတာပဲ”
“ဒါပေမယ့် မမရယ် ငါ ဘယ်လို တတ်ရက်မလဲဟာ”
“တော်တော့ သူရိန်… ငါပြောပြီးပြီ အဲ့ဒါ နင့်အလုပ်မဟုတ်ဘူးလို့” အမေမှ နောက်တစ်ခွန်း ရာဇသံ ထပ်ပေးလိုက်သည်။
ကျွန်တော် အတွန့်ဆက်တတ်ဖို့အတွက် မဖြစ်နိုင်တော့ပဲ လက်ခံလိုက်ရပါသည်။ဖောင်တင်ပြီး သချာင်္ရတာနဲ့ အိမ်နဲ့အလှမ်းကွာတဲ့ မြို့ကို  Day သွားတတ်ခဲ့သည်။

++++++++++++++++++++++++(၃)+++++++++++++++++++++++++++++
                       အိမ်က ပို့တဲ့ပိုက်ဆံ လောက်ငှ သည်မရှိ။ သောက်လိုက်စားလိုက် ပျော်လိုက်ပါးလိုက်နဲ့ ဘွဲ့တစ်ခုသာ ရသွား၏။ ဘာမှန်းမသိ။ မြန်လိုက်တဲ့အချိန်တွေ ကုန်လိုက်တဲ့ငွေ။ အိမ်လဲ နဲ့နဲ့ပဲ ကျန်တော့သည်။ ဆရာကြီးပီမိုးနှင်းပြောတဲ့ အချိန်နဲ့ကျန်းမာခြင်းဆိုတဲ့ အရင်းအနှီးရှိတဲ့လူအဖို့ ပညာနဲ့ဥစ္စာအရင်းအနှီးရရန် ပူစရာမလိုဘူးဆိုတဲ့ စကား ကျွန်တော့်အတွက် မှားနေသယောင်။ အလုပ်လုပ်မယ် စဉ်းစားတော့လဲ ဟိုအလုပ်က မကောင်းဘူး ဒီအလုပ်က လခနည်းတယ် စိတ်မပါတာနဲ့ အိမ်မှာသောင်တင် ဝေလေလေ ဖြစ်နေ၏။ အလုပ်မလုပ်ဘူး အလုပ်ရှားတယ်ဆိုတဲ့ ကျွန်တော့်ရဲ့ အကြီးမှားဆုံးသော အတွေးမှားကြီး တစ်ခုဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် သူများနိုင်ငံရောက်မှသိခဲ့ရသည်။ ဘွဲ့ရပညာတတ်တစ်ယောက်အနေဖြင့် မိဘအလုပ်ကို တွေးတောကြံဆပြီး နည်းအသစ်တွေနဲ့ လုပ်လျှင်တောင် အောင်မြင်နိုင်သည်။ ရာသီပေါ်သီးနှံ အထွက်တိုးအောင် လုပ်နိုင်ပါလျှက် သူများနိုင်ငံကို အထင်ကြီးခဲ့မိသည်။ ပြောတိုင်းယုံတတ်ပြီး တွေးတောမကြံဆပဲ သူများပြောတိုင်း ခေါင်းငြိမ့်တတ်ခြင်းရဲ့ အားနည်းချက်က  စာဖတ်အား နည်းခဲ့လို့ ဆိုတာ နောက်ပိုင်းမှ သိခဲ့ရသည်။ တစ်ရက်တော့ အပြင်သွားရင်း သူငယ်ချင်း တစ်စုနဲ့တွေ့သည်။
“သူရိန် ငါတို့ သူငယ်ချင်းတွေ ပြည်ပ အလုပ်သွားလုပ်မလို့ မင်းလိုက်အုံးမလား”
“အင်း လိုက်တော့ လိုက်ချင်တယ်ကွာ အမေက ခွင့်ပြုပါ့မလား မသိဘူး”
“ပြောကြည့်ပေါ့… လခ ကောင်းတယ်ပြောတယ်ဟ မင်းလဲ ခုထိ အလုပ်မှ မရှိသေးတာ လိုက်ခဲ့ပေါ့ ငါတို့တွေ အဖော်ရှိတာပဲ”
“အင်း သယ်ရင်း ငါကြိုးစားကြည့်မယ်ကွာ..” စိတ်အားထက်သန်လာတဲ့အတွက် အိမ်ပြန်ရောက်တယ်ဆိုရင်ပဲ
“အမေ သား ပြည်ပ အလုပ်သွားလုပ်ချင်တယ်”
“သားရယ် မသွားပါနဲ့လား အိမ်မှာလုပ်လဲ ရတာပဲကို”
“အိမ်မှာ ဘာလုပ်စရာရှိလို့လဲ အမေရယ်… မြန်မာနိုင်ငံက သိတဲ့အတိုင်း အလုပ်ကလဲတအား ရှားနေတာ”
“အမေကတော့ မသွားစေချင်ဘူးကွယ်”
“အမေရယ် သူငယ်ချင်းတွေနဲ့ တူတူသွားမှာလေ…ပြီးတော့ သားလဲ ကလေးမှ မဟုတ်တော့တာ ကိုယ့်ခြေထောက်ပေါ် ကိုရပ်နိုင်ပါတယ်။”
“အင်း အမေယုံပါတယ် သားကို”
“ဒါဆို အမေခွင့်ပြုပေးနော်…” အင်းမလုပ်၊ အဲမလုပ်နဲ့ ဒီတိုင်းထားလိုက်ပြီး တစ်လလောက်ကြာမှ သူငယ်ချင်းတွေက သွားဖို့အတွက် စချိတ်နေလေပြီ။ ဒီတော့မှ အမေ့ဆီတစ်ခါ အပူကပ်ရပြန်သည်။
“အမေ သားဟိုတစ်ခါပြောထားတာလေ အဲ့ဒါ ခုသူငယ်ချင်းတွေ စပြီးချိတ်နေကြပြီသွားဖို့”
“ဘာကို ပြောတာလဲသား”
“ဟင် အမေ့ကို သားပြည်ပအလုပ်သွားလုပ်ချင်လို့ ခွင့်တောင်းထားတာလေ ”
“ဟုတ်လား အမေ မမှတ်မိဘူး သား”
“ဟင် အမေ တကယ်မမှတ်မိတာလား”
“အင်း သား အမေ ခဏခဏမေ့တတ်နေတယ်သားရယ်…”
“ဟုတ်တယ် အမေ…အမေကို မောင်လေးပြောသေးတယ် အမေတောင် အင်းမလုပ်၊အဲမလုပ်နဲ့လေ”ဘေးမှ အစ်မ ဝင်ပြောပေးလို့ အမှတ်ရသွားသည်။
“အော် အင်းမှတ်မိပြီ.. သားအရမ်းသွားချင်နေတယ်ဆိုလဲ သွားပါ… အမေ ပိုက်ဆံ ရှာပေးမယ် လိုတာကို ပြန်ပြောနော်သား”
“ဟုတ်ကဲ့ အမေ… သူငယ်ချင်းတွေ သွားချိတ်လိုက်အုံးမယ် အမေ”
“အင်းအင်း သား” ဒီလိုနဲ့ ကျနော် ပြည်ပကို ရောက်လာခဲ့ခြင်းဖြစ်သည်။
“မကြာမှီ လေယာဉ် ဆင်းသက်တော့ပါမယ်….”  လေယာဉ်မယ် တစ်ဦးမှ လေယာဉ် ဆင်းဖို့ ဆောင်ရန်ရှောင်ရန်တွေ ပြောမှ သတိပြန်ဝင်လာ၏။

++++++++++++++++++++++(၄)++++++++++++++++++++++++
                               “ဟေးးးးးး င့ါတူ သူရှိန်” ဦးလေး ခင်ဝင်းမှ လက်ပြလှမ်းခေါ်နေတာတွေ့လို့ တွေ့တဲ့အကြောင်း ပြန်အချက်ပြလိုက်သည်။
  “ဟားးးးးးး င့ါတူ လှလို့ ဝလို့ပါလား”
“ဟား ဦးလေးကလဲ ခန့်လာတယ်လုပ်ပါဗျ” ပြန်နောက်လိုက်ပြီး ဘေးဝဲယာအမေ့ကိုရှာကြည့်တော့ မတွေ့သဖြင့်
“ဦးလေး အမေရော”
“အင်း င့ါတူရာ သိပ်နေမကောင်းလို့ မင်းအမေ လိုက်မလာဘူး” ဦးလေးမျက်နှာ တစ်မျိုးဖြစ်သွားတယ်ဆိုတာ ကျွန်တော် သတိထားမိသည်။
“အော် ဟုတ်လား ဒါဆိုသွားမယ်လေ”
“အေးအေး ငါ့တူ ကားငှားပြီးသား.. သွားရအောင်”
“ဟုတ်ကဲ့ ဦးလေး” စိတ်က အိမ်ကို အမြန်ရောက်ချင်နေသည်။ ထင်တော့ထင်တယ် ဖုန်းဆက်တဲ့အချိန်တိုင်း အမေ ယာထဲ သွားတယ်ဆိုပြီး အစ်မနဲ့ပဲတွေ့နေတာ ဒါကြောင့်ကိုး။ မမက ဘာလို့ မပြောတာပါလိမ့်။ရပါတယ်လေ ငါ့မှာ လုပ်အားခ  ပိုက်ဆံတွေ ပါလာပြီပဲ အမေ့ကို ဆေးခန်းပြန်ပြီး မြန်မြန်ပျောက်အောင် ကုမယ်။စိတ်ကူးတွေ ပြန့်လွင့်နေသည်။ သိပ်မကြာပါဘူး ကားအိမ်ရှေ့ရောက်လို့ အထုတ်အပိုးအတွေ မြန်မြန်ချပြီး အမေ့ကို ပြေးတွေ့မိသည်။
“အမေ သားပြန်လာပြီ” ဘာမှပြန်မပြော ကြောင်ကြည့်နေသည်။
“အမေ သက်သာရဲ့လား…”ကြည့်နေရင်းမှ နားမလည်ဟန်ဖြင့်
“မင်း ဘယ်သူလဲ”
“ဟင်………..အမေ သားလေ သူရှိန်လေ… အမေ့သားလေဗျာ” ရင်ထဲစို့နစ်သွားသည်။ ကျွန်တော် သိပ်ချစ်ရတဲ့အမေ နှစ်ရှည်လများ  တွေ့ချင်လွန်းလို့ တသသ အောင့်မေ့၊သတိရနေတဲ့ အမေ။ ပြန်ရောက်ရင် မိသားစု ပျော်ပျော်ရွှင်ရွှင်နေမယ်လို့ စိတ်ကူးခဲ့တဲ့ စိတ်ကူးတွေ။ ခုတော့ ခုတော့… “မင်း ဘယ်သူလဲ”တဲ့ နားမလည်နိုင်ခြင်းတွေနဲ့ ပြောမပြတတ်အောင် ထိခိုက်ခံစားပြီး မျက်ရည်တွေ အလိုလို စီးဆင်းလာသည်။
“ငါ့တူ အပြင်ခန လာဦးကွာ” ဦးလေးမှ ဝမ်းနည်းသံနဲ့ လှမ်းခေါ်သဖြင့် ကျွန်တော်အမေ့ ရှေကနေ ဦးညွတ်ထွက်လာခဲ့သည်။
“ဦးလေး ဘယ်လိုဖြစ်ရတာလဲဗျာ”
“အင်း ငါ့တူ… မင်းအမေ မေ့တတ်နေတာကြာပြီး.. ခုသိပ်မကြာသေးဘူး ဘယ်သူကိုမှ မမှတ်မိတော့ဘူး”
“ဟင် ဟုတ်လား…ဘာဖြစ်တာလဲ ဆရာဝန်ပြမကြည့်ဘူးလား..”
 မင်းအစ်မလဲ ပြတော့ပြတာပဲငါ့တူရာ ပိုက်ဆံကလဲမတတ်နိုင်တော့ သမားတော်နဲ့ မပြနိုင်ဘူးလေကွာ။ မင်းကို လှမ်းပြောပြီး ကုရအောင်ဆိုတော့လဲ မင်းအမေက လက်မခံဘူး။ မင်းစိတ်ပူမှာဆိုးတာရတာနဲ့ မင်းအဆင်မပြေမှာတွေကို  တွေးပူပြီးမပြောခိုင်းဘူး။ မင်းသွားတည်းက ပိုပိုမေ့တတ်လာတာ။ အိမ်က ယာတွေကလဲ အစ်မ မဦးစီးနိုင်တော့ အဆင်မပြေဘူး ငါ့တူ။ မင်းအစ်မကလဲ အမေကို ပြုစုရတစ်ဖက်ဆိုတော့ အလုပ်တွေ လစ်ဟင်းတာပေါ့ကွာ။
“ဟုတ်လား………”  ကျွန်တော် ဒီတစ်ခွန်းပဲ ပြောနိုင်တော့သည်။ ပါးစပ်တွေ အလိုလိုစွံ့အ သွားသည်။ ငါ့ကြောင့်… င့ါကြောင့် အမေခုလိုဖြစ်ရတာ..(ငါ့ကြောင့်)တွေ များစွာဖြင့် ကျနော် ယူကျုံးမရခံစားရသည်။သူများနိုင်ငံမှာ စက်ရုပ်သံပတ်ပေးထားသလို သွားလုပ်တာကိုမှ အထင်ကြီးမိခဲ့တဲ့ကျွန်တော်။ ပိုက်ဆံသာအဓိကလို့ ထင်ပြီး ကုန်းရုန်းရှာခဲ့တဲ့ကျွန်တော်။ အမေကို ပြစ်ထားသလို ဖြစ်ခဲ့မိသည်။ နောင်တတွေများစွာနဲ့။ သူများနိုင်ငံမှာ အလုပ်လုပ်သလိုသာလုပ်ရင် ကိုယ့်နိုင်ငံမှာ မကြီးပွားစရာအကြောင်းမရှိ။ သူများပြော လိုက်ယောင်တတ်တဲ့ကျွန်တော်။ ခုတော့ အားလုံးရဲ့တရားခံက ကျွန်တော်ပဲ ခွင့်မလွတ်နိုင်လောက်ရောင် ခံစားရသည်။ နာကျည်းရသည်။ မဖြစ်ဘူး အမေ့ကိုတော့ ရအောင် ပြန်ကုမယ်။ ဘယ်လောက်ကုန်ကုန် ငါ့ရှာလာတာ င့ါအမေအတွက်ပဲ ကုမယ်။
“ဦးလေး နက်ဖြန် အမေ့ကို ဆရာဝန်ကြီးနဲ့ သွားပြန်ရင်မကောင်းဘူးလား” ဦးလေးနဲ့ တိုင်ပင်မိသည်။
“အင်း ကောင်းတာပေါ့ ငါ့တူရာ… သွားမယ်လေ” ကျနော်တို့ ဆရာဝန်ကြီးသွားပြခဲ့သည်။ ပြီးတော့ ဆရာဝန်ကြီးက ခေါ်သဖြင့်သွားတွေ့ရသည်။
“လူနာရှင်တွေလား”
“ဟုတ်ကဲ့…လူနာက ကျွန်တော့်အမေပါ ဆရာ”
“အင်း လူနာက Alzheimer’s Disease (အယ်လ်ဇိုင်းမား ရောဂါ) ခံစားနေရတာ။ နားလည်အောင်ပြောရရင် အတိတ်မေ့တတ်တဲ့ရောဂါပေါ့။”
“ဟုတ်လား ဆရာ ”
“အင်း ဟုတ်တယ်…ကျနော် ဦးနှောက်ကို အသေးစိတ် ဓါတ်မှန်ရိုက်ကြည့်ပြီးပြီ။ ဒါကြောင့် အယ်လ်ဇိုင်းမာရောဂါလို့ ပြောနိုင်တာပါ။ ဒီရောဂါက ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ လျော့နည်းပြီး ဦးနှောက်အတွင်း သွေးစီးဆင်းမှု ကျဆင်းလို့ ဖြစ်တာပါ။ဒီရောဂါတွေက အသက်ကြီးရင့်သူတွေမှာ ဖြစ်လေ့ရှိပါတယ်။”
“အော် ဟုတ်လား ဆရာ… ဘယ်လိုပျောက်အောင် ကုနိုင်ပ့ါမလဲဆရာ”
“ဝမ်းနည်းပါတယ်…. ဒီရောဂါက ပျောက်အောင်ကုနိုင်တဲ့ဆေးရဖို့ သုတေသနပြု လေ့လာဆဲပဲ ရှိသေးတယ်”
“ဗျာ…………..”
“ဟုတ်တယ်…ဒါပေမယ့် နေ့စဉ် နံနက်ပိုင်း အချိန် ၁၅မိနစ်ခန့် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်သွေး လည်ပတ်မှု မှန်ကန်စေပြီး ဦးနှောက်ဆဲလ်များ ပျက်စီးမှုကို ထိန်းပေးနိုင်ပါတယ်။”
“ဟုတ်ကဲ့ ဆရာ ကျွန်တော် ကြိုးစားကြည့်လိုက်ပါ့မယ်” ကျွန်တော် ဆေးရုံက အပြန်အတွေးပေါင်းများစွားဖြင့် ပြန်လာခဲ့သည်။
အမေ့ကို သေချာကြည့်ရင်း သားကို ခွင့်လွတ်ပါအမေ။ သားအရမ်းမှားသွားခဲ့ပါတယ်။ သားရှိရင်၊မသွားဖြစ်ခဲ့ရင်၊ သူများစကားတွေ နားမယောင်ဖြစ်ခဲ့ရင်၊ နိုင်ငံခြားဆိုတာကို အထင်မကြီးခဲ့ရင်၊အမေ ဒီလိုဖြစ်မှာမဟုတ်ဘူး။အားလုံးက သားကြောင့်ပါ။ သားကို ခွင့်လွတ်ပါ အမေ။ တကယ်တော့ ဘဝမှာ ငွေက အဓိက မကျဘူးဆိုတာ သားနားလည်လိုက်ပါပြီ အမေ။ မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ ကြိုးကြိုးစားစားလုပ်ရင် ပိုက်ဆံဆိုတာ ဖြစ်လာမယ်ဆိုတာ သားသိလိုက်ပါပြီ။ ဒါပေမယ့် သား တတ်သိ၊နားလည်တာ အမေ မသိတော့ဘူးအမေ။ သားအရမ်းကို မှားသွားခဲ့တယ် အမေ။ ဆရာကြီး ပီမိုးနင်းပြောတဲ့ စကားကို သားခုတော့ နားလည်သွားပါပြီအမေ။ ဒါပေမယ့် အမေ အားမငယ်နဲ့နော်။အမေသာလျှင် သားဘဝရဲ့ရှေ့ဆောင် လမ်းညွန်သူကြီးပါ။ အမေ့ဆီက သားလို့ ခေါ်သံ မကြားနိုင်တော့ပေမယ့် သားအမေ့ကို အနီးကပ် ပြုစုစောင့်ရှောက်ခွင့်ရပါသေးတယ်။ သားအတွက် ဘုရားပေးတဲ့ လက်ကျန်ဆုလေးကိုတော့ သား အမှတ်တရ မြတ်မြတ်နိုးနိုးနဲ့ သားပြုစုပေးမှာပါအမေ။ အမေ့ရဲ့ ရင်ထဲကနေ သားတစ်ယောက်အပေါ် ယုံကြည့်မှုအပြည့်နဲ့ ခေါ်လိုက်တဲ့ “သား” ဆိုတဲ့ အသံလေးတော့ တစ်ခေါက်လောက် ကြားချင်သေးတယ် အမေ~~~~~~~~~~~~~~~~~~~~~~
                                                                                သူငယ်ချင်းများကို လေးစားခင်မင်လျှက်
                                                                                              ***မင်းနေ***
 +*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*+*

2 comments:

  1. ဝမ်းနည်းစရာလေးပါပဲနော် ဒါလေးဖတ်ပီးအမေကိုပိုဂရုစိုက်မှဖြစ်မယ် ကျေးဇူးပါသူငယ်ချင်း(M3A)

    ReplyDelete
  2. ကျေးဇူးပါ သယ်ရင်း........

    ReplyDelete