Monday, August 6, 2012

+++စာဖတ်ခြင်းကြောင့် အကျိုးကျေးဇူး ခံစားကြရသူများ+++

ကျနော် ဒီနေ့ လိုင်းပေါ်မှာစာတွေ လျှောက်ဖတ်ရင်းနဲ့ ကြိုက်တာလေးတွေ့လို့သူငယ်ချင်းတွေ  အတွက် ပြန်မျှဝေပေးလိုက်ပါတယ်။အတန်းပညာသင်ကြားခွင့်မရလို့ အတန်းပညာ မရှိပေမယ့်လည်း စာဖတ်အားကောင်းခြင်းဖြင့် ခံစားရတဲ့ အကျိုးကျေးဇူးတွေကား ကြီးမားလှပါတယ်......
စာဖတ်သော အယ်ဒီတာ

ဆိုဗီယက်ရုရှား ခေတ်ပြောင်းတော်လှန်ရေးကြီးကို ခေါင်းဆောင် အောင်မြင်စေခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင် လီနင်ဟာ သတင်းစာဆရာ၊ ဂျာနယ်အယ်ဒီတာအဖြစ် စာအလွန်ဖတ်သူ   ဖြစ်တယ်။ စာအလွန်ဖတ်ပြီး ဆောင်းပါးတွေလည်း ရေးခဲ့ပါတယ်။ စာဖတ်လွန်းတဲ့ လီနင်ဟာ အမြင်ကျယ်ပါတယ်။

စာဖတ်သောရှေ့နေ


အမေရိကန်သမ္မတပေါင်း (၄၅) ဦးလောက် ရှိတဲ့အနက်မှာ လင်ကင်း(သို့) အေဗရာဟမ်လင်ကွန်း က ဘယ်သှူမှ မယှဉ်သာအောင် လူသေသော်လည်း နာမည်မသေသူ လေးစားချစ်ခင် မြတ်နိုးဖွယ် ပုဂ္ဂိုလ်ထူးကြီး ဖြစ်ပါသည်။ လင်းကင်းရဲ့ စာပေစာမျက်နှာများမှာ ကျောင်းတက်ရက် တစ်နှစ်ခွဲတောင် မရှိဘဲ ကျောင်းစာလည်း ကောင်းကောင်း မသင်ခဲ့ရရှာပါဘူး။ ဒါပေမယ့် စာပေကို အလှမ်းမဝေးဘဲ ရသမျှ လက်လှမ်းမီသမျှ စာတွေကို ဖတ်မှတ်လေ့လာတယ်။ ရှိတ်စပီယားနဲ့ အကျော်အမော် စာဆိုကြီးတွေရဲ့ စာတွေနဲ့ ရင်းနှီးလှတဲ့ လင်ကင်းရဲ့ မိန်ခွန်းတိုင်းက အဆီအသား ပြည့်ဝလှပြီး ပြည်သူ့ဘ၀င် စွဲနေလို့  ဒီနေ့အချိန်အထိ မေ့မရ တသသဖြစ်နေဆဲ ဖြစ်ပါတယ်။

စာကြည့်တိုက်မှူးမှ ဗိုလ်မှူးကြီးအဆင့်သို


နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲကာလအတွင်းမှာ ဖက်ဆစ်ဂျပန်တွေကို တော်လှန်ကြရပါတယ်။ အဲဒီအခါမှာ ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲကို ဟိန္ဒားသတ္တုမိုင်း အလုပ်သမားတစ်ယောက်ဟာ ယိုးဒယားမှ ရန်ကုန်သို့ တိုက်ခိုက်ချီတက်လာတဲ့ စစ်ကြောင်းမှာ ရဲဘော်အဖြစ် ၀င်ရောက်လုပ်ကိုင် လိုက်ပါလာခဲ့တယ်။ သူက ဟိန္ဒားသတ္တုတွင်း အလုပ်သမား စာကြည့်တိုက်မှာ “စာကြည့်တိုက်မှူး စေတနာ့ဝန်ထမ်း” လုပ်တယ်။ သူက အတန်းပညာ ရှစ်တန်း၊ ကိုးတန်းသာ အောင်ပေမယ့် စာဖတ်ဝါသနာထုံတော့ အလွန် စာဖတ်အားကောင်းတယ်။ ဘီအိုင်အေခေတ်မှာ သူဟာ ရာထူးအဆင့်ဆင့် တက်ပြီး အရာရှိ ဖြစ်လာတယ်။ ဗိုလ်ဗထူး  ပေါ့။ တိုက်ရည်ခိုက်ရည် ထူးထူးချွန်ချွန် ကောင်းတာကြောင့် တပ်ရင်းမှူးရာထူး ပေးအပ်ခြင်း ခံရတယ်။ (ရဲဘော်သုံးကျိပ်ဝင်တွေတောင် တပ်ရင်းမှူးရာထူး မရတဲ့သူတွေ ရှိပါတယ်) ဖက်ဆစ်တော်လှန်ရေးမှာတော့ ဗိုလ်ချူပ်အောင်ဆန်းက ဗိုလ်မှူးကြီးဗထူးကို မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ကွပ်ကဲ တိုက်ခိုက်စေပါတယ်။ စာဖတ်ခြင်းရဲ့ ကောင်းကျိုး နမူနာလေးပါ ။ ဗိုလ်မှူးကြီးဗထူးလို လူကောင်းလူတော်တွေ ဦးစီးကွပ်ကဲတော့ ဖက်ဆစ်တော်လှန်ရေးကြီးဟာလည်း   ပြည်သူတွေရဲ့ အားပေးကူညီမှုနဲ့ အင်္ဂလိပ်တွေ တအံ့တသြ ဖြစ်ရလောက်အောင်အထိ ရာဇ၀င် စာတင်ခဲ့ရတာပဲပေါ့။

စာဖတ်သော အမျိုးသားခေါင်းဆောင်


သခင်အောင်ဆန်း (သို့) ဗိုလ်ချုပ်အောင်ဆန်းဟာ တိုက်ရေးခိုက်ရေး ရှေတန်းတင် ဦးစားပေးပြီး၊ ရိုးရိုးသားသား၊ အညာသားဆန်ပေမယ် တကယ့် သံတမန် စေ့စပ်ဆွေးနွေးမှု ၊ ရှေ့ဆောင်လမ်းပြနိုင်မှု၊ ဆုံးဖြတ်ချက် တိကျပြတ်သားမှုနဲ့ မြင်ကြားတတ်သိ လွယ်မှုတွေမှာ  ယှဉ်သာသူ မရှိလောက်အောင် ထင်ရှားလှပြီး ယနေ့တိုင် မြန်မာပြည်သူလူထုရဲ့ အမှတ်အသားကိုယ်စားပြု ဖြစ်နေဆဲ ဖြစ်ပါတယ်။ သခင်အောင်ဆန်းရဲ့ ပင်ကိုယ်စရိုက်အဖြစ် ဘုဆတ်ဆတ် ခပ်ပြတ်ပြတ် ပြောဆိုတတ်ပြီး၊ မလိုအပ်လျှင် နှုတ်ဆိတ်နေတတ်သော အမူအကျင့် ရှိသော်လည်း၊ ပြောရေးပြောသင့် ပြောခွင့်ကြုံတဲ့အခါ ထိထိရောက်ရောက်၊ ထက်ထက်မြက်မြက် ရှိလှခြင်းက စာအလွန် ဖတ်ခြင်းကြောင့် ဖြစ်ပါတယ်။ ကိုယ်တိုင် ကဗျာ၊ ၀တ္ထု၊ ဆောင်းပါးများကိုလည်း ရေးသားနိုင်ခဲ့သူ ဖြစ်ပါတယ်။

စာဖတ်သော ထောင်ထွက်အလှူရှင်


ပခုက္ကူဒေသမှ ထနောင်းကုန်းကျေးရွာအုပ်စု ရှားတောရွာနေ ငယ်အမည် တောခွေး (ခ) မောင်အုံးဖေရဲ့ ဘ၀အစက နွမ်းပါးလှပြီး မြင်းထိန်း၊ ကွမ်းယာသည်၊ ဖောင်သမား၊ ကျပန်းအလုပ်စုံနဲ့  ဓားပြဖြစ်ပြီး   ထောင်သုံးကြိမ် ကျဖူးခဲ့ပါတယ်။ ထောင်တွင်းမှာ ဘ၀သစ်၊ အတွေးသစ်တွေကို စာပေများမှ ရယူပြီး မကောင်းမှုများ စွန့်လို့ သူဌေးသူကြွယ်၊ ကုန်သည်ပွဲစား ဖြစ်ခဲ့ပါတယ်။ ဘ၀မှတ်တမ်းများနဲ့ “ပခုက္ကူဦးအုန်းဖေ” ဆိုတဲ့ ကလောင်တစ်ချောင်းလည်း ပိုင်ဆိုင်ခဲ့ပြီး စာပေရန်ပုံငွေ (၇၆-သန်း)ကျော် နဲ့ ပညာရေးထူးချွန်ဆု ရန်ပုံငွေ (၅၄-သိန်း)ကိုလည်း စာပေမျိုးစေ့ချ လှူဒါန်းပြီး ပရဟိတ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

စာဖတ်သော အထွေထွေ အတွင်းရေးမှူးချုပ်


အာရှကုလသမဂ္ဂခေါင်းဆောင် ပထမဦးဆုံး မြန်မာနိုင်ငံမှ သက်တမ်းနှစ်ကြိမ် (၁၀ နှစ် တိတိ) တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့်ဟာ ပန်းတနော် အမျိုးသားကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ်ပြီး စာအလွန်ဖတ်သူတစ်ဦး ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ အားလုံးက ကန့်ကွက်မဲမရှိ တညီတညွတ်တည်း   ထောက်ခံရွေးချယ် ခန့်အပ်ခံရခြင်းက စာအရမ်းဖတ်လို့ ကမ္ဘာ့ခေါင်းဆောင်နေရာ ရောက်သွားခဲ့တာပါ။

စာအလွန်ဖတ်သော ၀န်ဇင်းမင်းရာဇာ
မြန်မာရာဇ၀င်များထဲမှ ဘုရင်စိတ်ကျေနပ်သည်အထိ အတိအကျ မှန်ကန်စွာ ဖြေကြားနိုင်ခဲ့လို့ အင်းဝဘုရင် စွာစော်ကဲ လက်ထက်မှ မင်းလေးဆက်တိုင်အောင် ရာထူးချီးမြှင့် ခံခဲ့ရပါတယ်။ ဘိုးရာဇာ လျှောက်ထုံးများဟာ ယနေ့အထိ မှန်ကန်ဆဲ၊ ကိုးကားနေရဆဲလည်း ဖြစ်ပါတယ်။ နန်းတော်မှာလည်း အမတ်ကြီး ဘိုးရာဇာအဖြစ် ရာဇ၀င် ထင်ရှားနေရခြင်းများက စာဖတ်တဲ့ အကျိုးများ ဖြစ်ပါတယ်။
    
မူရင်း။ ။ဒီနေရာ မှကူးယူဖော်ပြသည်..
~~~~~~~~စာဖတ်ခြင်းဖြင့် မိမိဘဝကို မိမိမြှင့်တင်ကျပါစို့~~~~~~~
                                                           သူငယ်ချင်းများကို လေးစားခင်မင်လျှက်
                                                                      ***ကိုနေ***

***သင့်ရဲ့ အချိန် ၅ မိနစ်လောက်လေး ပေးပြီး ဖတ်စေချင်ပါသည်။***

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ၊ facebook ပေါ်မှာ share နေကြတာ တွေ့ဖန်များတော့ မြန်မာလိုပြန်ရေးချင်စိတ်ပေါက်ပြီး ပြန်ရေးထားတာတွေပါ။ ပြောသာပြောရတယ်၊ တကယ့် လီကာရှင်းစစ်စစ်ကြီးက facebook ပေါ်မှာ ဇိမ်ပြေနပြေ ထိုင်ရေးတာလား ဆိုတာ သံသယဖြစ်မိပါတယ်၊ သူ့ကိုချစ်တဲ့သူ တစ်ယောက်ယောက်က ရေးတင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ၊ ဘာပဲဖြစ်ဖြစ်၊ သဘောကျမိတဲ့ စကားစုလေးတွေကို ရွေးတင်လိုက်ပါတယ်။

၂၀-၈၀ နိယာမ
လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ
ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း
လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။

တခါသုံးယုံကြည်မှု
ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။

နောင်တ
နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။

နေရာ
အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။

သမာဓိ
စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။

ရွေးချယ်မှု
နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။

မနာလိုခြင်းနှင့် အားကျခြင်း
သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။

နောက်ဆုံးအပြုံး
ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။

ပူပင်သောက
လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။

အောင်မြင်မှုနှင့် တိုးတက်မှု
မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။

ဖိအားနှင့် တွန်းအား
အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
မူရင်း။ ။ဖေ့စ်ဘွတ်မှတဆင့် ကို Degolar(TZA) ၏ဘလော့ဂ်အား ကူးယူဖော်ပြသည်။
                                                      
                                                       သူငယ်ချင်းများကို လေးစားခင်မင်လျှက်
                                                               ***ကိုနေ***

+++လှိုင်းထန်တဲ့ င့ါဘဝ+++

ဘဝက နုံချာ
တစ်ခါတစ်ရံ ကြုံလာတဲ့ လှိုင်းတွေက
မုန်တိုင်းနီးပါး ခါးသက်သက်ပါလား.....

ပညာက နုနယ်နယ်
လှိုင်းတံပိုးတွေ ရိုက်ပါများတော့
ကမ်းခြေကကွေးကောက်လို့ မညီညာ
ငါ ခြေရာပျောက်လုပြီ....

သာယာခြင်းမရှိတဲ့ ဘဝတိုက်ပွဲမှာ
သူသေကိုယ်သေ စစ်ခင်းမှုတွေလဲ
ရှိရမှာပေါ့....

ရယ်မောသံတွေက ငါ့ကိုလှောင်ပြောင်
ငိုသံတွေက နှစ်သိမ့်လို့
ဆီခမ်းတော့မယ့်မီးစာ
ရှိတဲ့အင်အားနဲ့ အမှောင်ကိုတော့ အလင်းပေးနိုင်သေးတယ်....

"စဉ်ဆက်မပျက် ပညာသင်ကြားနေရသောလူ့ဘောင်"ဆိုတော့လဲ
လူထဲကလူမို့ ပညာက သင်ရှာဆဲ
ကြင်ယာဆိုတာ ဝေဝါးမှုန်ဝါးပေါ့.....

သူတို့ပြောတဲ့ ချစ်ခန်း၊လွမ်းခန်း ကြည်နူးခန်းက
ငါ့ကျမှကွက်လပ်ဖြစ် အခွင့်က မသာ....

ခေါင်းတွေပဲဖြစ်နေတဲ့ဘဝမှာ
သိမ်ငယ်စိတ်လေးဖြစ်ပေမယ့်
ပန်းကျမယ့်အချိန်ကိုတော့ မဆိုးမရွှံ့တောင်းတမိရဲ့...

ဘဝလှိုင်းကြား ပေါ်တစ်ခါ မြုပ်တလှည့်
မမြင်တဲ့လမ်း မျှော်ကာမှန်းလို့
ကြမ်းတမ်းနေပါစေ နက်ဖြန်တိုင်းမှာ
ကူးရဦးမည် ဤခရီး............
                                                      သူငယ်ချင်းများကို လေးစားခင်မင်လျှက်
                                                      ***ကိုနေ***

+++++အချစ်(သို့)ဖူးစာ==သာတဲ့လူ(သို့)ဦးရာလူ သူငယ်ချင်းနှစ်ယောက်ဆွေးနွေးချက်လေးပါ+++++

သူငယ်ချင်းတို့ရေ မင်္ဂလာပါ ပျော်ရွှင်သောအချိန်လေးပါနော်....ဒီနေ့ သူငယ်ချင်းတွေအတွက် ကျနော်ရယ်သူငယ်ချင်းတစ်ယောက်ရယ် ဆွေးနွေးတာလေးကို သဘောကျလို့ ပြန်တင်ပေးလိုက်ပါတယ်။။။ ဆွေးနွေးတဲ့ သူငယ်ချင်းနာမည်ကို သုံးခွင့်မရလို့ သူ့နေရာမှာ အစားထိုးမဲ့ ကျနော့်ရဲ့ စိတ်ကူးဇာက်ကောင်ကတော့ ပင်ပေါ်က ကြွေကျ မြေခခဲ့ရပေမယ့် အနံ့မပြေတဲ့ ပန်းခရေတဲ့....ကဗျာပိုးက မရိုးမရွနဲ့ တစ်ခါတစ်လေနိုးထလာတဲ့ ကျနော်ကို့ ခွင့်လွတ်ပါလို့ ရိုးသားစွာနဲ့တောင်းပန်ပါရစေ :D ပြန်စရအောင် လိုရင်းကို မရောက်တော့ဘူး... ကျနော်တို့ ဒီခေါင်းစဉ်လေးအကြောင်း စဆွေးနွေးဖြစ်တာကတော့ ကျနော်မေးလိုက်တဲ့ မေးခွန်းလေးကပါပဲ~~~~

ကိုနေ   ။   ။ခရေ မိန်းကလေးတွေကသာတဲ့လူ အမြဲရှာတယ် တွေ့ရင်လိုက်သွားရောဆို အဲ့ဒါဟုတ်လား???ပန်းခရေ။   ။မဟုတ်ဘူး...
ကိုနေ   ။   ။ဘာလို့ မဟုတ်တာလဲ..
ပန်းခရေ။   ။ဒါဆို ကျမ မြန်မာပြည်ကို ဘာကြောင့် သဘောကျတာလဲ ပြန်ချင်တာလဲ ဥပမာပြောတာနော်

ကိုနေ   ။   ။သိဘူးလေ ခရေအကြောင်းရှိလို့ နေမှာပေါ့
ပန်းခရေ။   ။ခုရောက်နေတဲ့နေရာက ရုပ်ဝတ္ထုပိုင်းမှာ မြန်မာထက်အများကြီးသာတယ်.. စီးပွားရေး လူမှုရေး
              အရာအားလုံးအဆင်ပြေတယ်...

ကိုနေ   ။  
။အော် ဒါကတော့ မြန်မာမှာမွေးလို့ မြန်မာ့ရေမြေကို သဘောကျတာပေါ့
ပန်းခရေ။   ။နောက်ဆုံး ဒီကယောင်္ကျားယူရင်တောင် ဘာအလုပ်မှလုပ်စရာမလိုဘူး ဘဝကိုသက်သက်
              သာသာနဲ့ သက်သောင့်သက်သာဖြတ်သန်းနိုင်တာပဲ ဘာလို့ပြန်စရာလိုလဲ...မြန်မာပြည်ကိုလဲ
              ချစ်တယ် မြန်မာ့ ထုံးတမ်းစဉ်လာတွေကိုလဲ သဘောကျလို့...

ကိုနေ   ။   ။အင်းလေ အဲ့ဒါက အပေါ်မှာပြောခဲ့သလို မြန်မာမှာမွေးလို့ပေါ့..
ပန်းခရေ။   ။အေးလေ ကျမ ခံယူချက်လေ

ကိုနေ   ။   ။အဲ့ဒါကို မိန်းကလေးနဲ့တော့ နှိုင်းလို့မရဘူးထင်တယ်..
ပန်းခရေ။   ။ရတာပေါ့

ကိုနေ   ။   ။အင်းရရင်ပြောကြည့် သိချင်တယ်...
ပန်းခရေ။   ။လူတိုင်းတော့မဟုတ်ဘူးနော် ကျမ ခံယူချက်ပေါ

ကိုနေ   ။   ။ဟုတ်
ပန်းခရေ။   ။အဓိကတော့ ယောင်္ကျားလေးတွေက မိန်းကလေးလက်ခံနိုင်လောက်တဲ့အရည်အချင်း ရှိရမယ်
              မိန်းကလေးတော်တော်များများက ကိုယ်အထင်ကြီးလို့ရတဲ့လူကိုဘဲ သဘောကျကျတာလေ...

ကိုနေ   ။   ။အင်းလေ ဒါကြောင့် သာတဲ့လူနောက်ကို လိုက်ကြတာနေမယ်...ပိုအထင်ကြီးတယ် ပိုလက်ခံနိုင်
              လောက်တဲ့အရည်အချင်းတွေ ရှိတဲ့လူကိုပဲ ရွေးကျမှာပေါ့နော့...
ပန်းခရေ။   ။သာတဲ့ နောက်လိုက်တယ်ဆိုတာက... မဟုတ်ဘူး.. အဓိကတော့ သူ့ရင်ထဲက တကယ်အချစ်စစ်
              မဟုတ်လို့ နောက်ပြီး သူ့ဘဝသူမရပ်တည်နိုင်လို့လေ...

ကိုနေ   ။   ။အင်းမထူးပါဘူး ခရေက စကားလုံးလှအောင်သုံးနေတာပါ သာတာကိုပဲ ရွေးသွားကြတာပါပဲ...
ပန်းခရေ။   ။ခံယူချက်ခြင်းမတူဘူး ကိုနေ ကြုံဖူးလို့ အထင်မှားနေတာပါ..

ကိုနေ   ။   ။ကျနော်ဖတ်ဖူးတာ တစ်ခုရှိတယ်...
ပန်းခရေ။   ။ဟုတ် ဘာလဲကိုနေ

ကိုနေ   ။   ။ကမ္ဘာကျော်ဂရိဒဿန ပညာရှင် ပလေတို(Plato)က စာတမ်းတစ်ခုမှာ အချစ်အကြောင်းကို     
              သူ့ရဲ့ဆရာ
ဆော့ခရတ္တိ(Socrates)ဘယ်ပုံစိစစ်ကြည့်တယ်ဆိုတာကို ဖော်ပြထားတယ်..
ပန်းခရေ။   ။ဟုတ် ကိုနေ

ကိုနေ   ။   ။ဆော့ခရတ္တိက အချစ်နဲ့ မေတ္တာကို သေချာသိရအောင်လို့ အချစ်အကြောင်းကို နားထောင်လို့မငြီး
              နိုင်လောက်အောင် အမြဲတမ်းချီးမွန်းနေတတ်တဲ့ပြဇာက်ဆရာ အာဂသွန်(Agathon)ကိုမေးတယ်
ပန်းခရေ။   ။ဟုတ် နားထောာင်နေပါတယ်

ကိုနေ   ။   ။သူအမြဲတမ်း ချီးမွန်းနေတဲ့ အချစ်ဆိုတာဘာလဲပေါ့လို့ မေးလိုက်တဲ့အခါ သူနည်းနည်းကြောင်ပြီး
              ဘာကိုဖြေရမှန်းမသိဖြစ်သွားတယ်..သူက ပျော်စရာလွမ်းစရာတွေနဲ့ ကြည်နူးစရာတွေကိုပဲ
              ပြောနေတာ တိတိကျကျပြောဖို့ကျတော့ အခက်တွေ့သွားတယ်..
ပန်းခရေ။   ။စာအုပ်ထဲက တခါတလေမှားတတ်တာပဲ..

ကိုနေ   ။   ။ဒီအချိန်မှာ ဆော့ကရတ္တိ က စကားစပေးလိုက်တယ်..
ပန်းခရေ။   ။ဟုတ်
ကိုနေ   ။   ။အဖေဆိုတာ သားသမီးရှိတဲ့လူကိုခေါ်တာ အစ်ကိုဆိုတာ ညီ/ညီမ ရှိလို့ခေါ်တာပေါ့...
ပန်းခရေ။   ။ဟုတ် နားထောင်နေပါတယ်

ကိုနေ   ။   ။အဲ့ဒါနဲ့ အာဂသွန်က ပြန်ဖြေတယ်..အချစ်ဆိုတာတဲ့ ချစ်နှစ်သက်တာကို ရယူချင်တယ် ပိုင်ဆိုင်
              ချင်တယ် လိုချင်မက်မောတယ်..
ပန်းခရေ။   ။ဟုတ်လား

ကိုနေ   ။   ။ဒါကြောင့် အချစ်ဆိုတာ ချစ်နှစ်သက်စရာကို လိုချင်မက်မော ရယူပိုင်ဆိုင်လိုခြင်း လို့ အဓိပ္ပါယ်
              ဖွင့်တယ်တဲ့...
ပန်းခရေ။   ။မှန်လား ကိုနေ..

ကိုနေ   ။   ။မေတ္တာကျတော့ အပေးပဲရှိတယ် မယူချင်ဘူးတဲ့...အချစ်ကတော့ ရယူချင်တယ်ပေါ့
ပန်းခရေ။   ။ဟုတ်လား

ကိုနေ   ။   ။အချစ်နဲ့မေတ္တာ မတူဘူးတဲ့.. အဲ့ဒီတော့အချစ်ဆိုတာ အဲ့လိုဖွင့်ဆိုရင် ပိုလိုချင်တပ်မက်တဲ့ဟာ
              ပိုချစ်နှစ်သက်စရာကောင်းတဲ့ဟာနောက်ကိုပဲ လိုက်သွားမှာပေါ့..
ပန်းခရေ။   ။ဟုတ်

ကိုနေ   ။   ။သူပြောတဲ့အတိုင်းဆိုရင် ကျန်ခဲ့တဲ့သူ ထားခဲ့ခံရတဲ့လူကို အကြောင်းပြချက်ပေးနိုင်တယ်လေ
              တကယ်မချစ်လို့ ထားသွားတာပါဆိုတာမျိုး
ပန်းခရေ။   ။ဟုတ်

ကိုနေ   ။   ။အဲ့တော့ လက်မထပ်နိုင်သမျှထိ အချစ်ဆိုတာ သာတာတွေ့ရင် ပြောင်းနေအုံးမယ် ထင်တာပဲ
              သူပြောတာ နည်းနည်းတော့ သဘာဝကျသလိုပဲ...
ပန်းခရေ။   ။ပြောင်းလဲ နိုင်တယ်...လက်ထပ်ပြီးသားတောင် ပြောင်းလဲတတ်ကြတာ တစ်ပုံကြီး...

ကိုနေ   ။   ။လက်ရှိ အသာဆုံးလို့ ထင်တဲ့လူနဲ့ ချစ်နေပြီး လက်ထပ်ခွင့်ကြုံလိုက်ရင်တော့ သူက အချစ်စစ်ပေါ့
ပန်းခရေ။   ။ဟုတ်တာပေါ့ ဖူးစာဆိုတာ ဦးရာလူပါ... ဟုတ်တယ်ထင်တယ်နော်

ကိုနေ   ။   ။လက်ထပ်ခွင့်မကြုံသေးသမျှ အချစ်ဆိုတာ သာတဲ့နောက်ကို လိုက်နေအုံးမှာပဲနော်.. ဟုတ်တယ်
ပန်းခရေ။   ။ဒါပဲ ကိုနေ မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားထဲက အချစ်စစ်ကိုသာ ရယူနိုင်ရင် သူ့ထက်
              မိုးလောက်ရကြီးပါစေ ပါမသွားပါဘူး...ဆိုးတူ ကောင်းဘက်လက်တွဲဖော်ကို ရနိုင်ပါတယ်..
ကိုနေ   ။   ။ဒါက အဆင်ပြေချိန် ခနတာအတွင်းမှာ အကောင်းဆုံးလို့ မြင်နေတာလဲ ဖြစ်နိုင်တာပဲလေ
ပန်းခရေ။   ။မဟုတ်သေးဘူး ကိုနေပြောဘူးတယ်လေ မိန်းကလေးတယောက်က သူလက်ထပ်တဲ့သူဟာ
              ဦးနှောက်နဲ့ပိုပြီးစဉ်းစားမယ်လို့လေ..ကျမတောင်ပြန်ပြောသေးတယ် အချစ်ဆိုတာ မလိုအပ်
              တာလားလို့..
ကိုနေ   ။   ။အများစုက အဲ့ဒါတွေ မှီတည်ပြီး အချစ်လို့ သတ်မှတ်လိုက်တာဖြစ်နိုင်တယ်နော်
ပန်းခရေ။   ။ဒါလဲ မှန်သင့်သလောက်မှန်ပါတယ်...

ကိုနေ   ။   ။ပိုက်ဆံရှိတဲ့ မိန်းကလေးတစ်ယောက်က လမ်းဘေးမှာ ရေထမ်းရောင်းတဲ့သူတစ်ယောက်ကို
              ချစ်ပြီး လက်ထပ်တာမျိုးတော့ ဝတ္တုထဲမှာလောက်ပဲ ရှိတော့မယ်ထင်တယ်...
ပန်းခရေ။   ။ရှိပါတယ်..

ကိုနေ   ။   ။ရှိတော့ရှိမယ် တစ်ရာမှာ တစ်ယောက်ပါ ခရေရယ်.. အချစ် စာတွေ တတ်ကုန်ကြပါပြီ..
ပန်းခရေ။   ။ဟုတ်ပါတယ်..

ကိုနေ   ။   ။ခုန ပြောသလိုပေါ့ မိန်းကလေးတစ်ယာက်အဖို့ အားကိုးယုံကြည်ဖို့ကို ဦးစားပေးကြတာ
              များတယ်လေ..          
ပန်းခရေ။   ။ကျမကတော့ ဘက်ပေါင်းစုံ ကြည့်တယ်..

ကိုနေ   ။   ။ခုနနေရာမှာပြောင်းပြန် ယောင်္ကျားလေးက ချမ်းသာနေရင်တော့ မိန်းကလေးကရုပ်အသင့်အတင့်
              နဲ့စာရိတ္တကောင်းမယ်ဆိုရင် ဖြစ်နိုင်ခြေမှာ ပိုများလောက်မယ်ထင်တယ်..100မှာ 10ယောက်
              လောက်ပေါ့...
ပန်းခရေ။   ။ဘာကိုဖြစ်နိုင်တာလဲ..

ကိုနေ   ။   ။လက်ထပ်ဖို့နဲ့ အချစ်ဖြစ်တည်ဖို့ လေ
ပန်းခရေ။   ။ကျမတော့ မသိတော့ဘူး ကိုနေ...

ကိုနေ   ။   ။ကျနော်လဲ အချစ်ဖြစ်တည်လာမှုကို လေ့လာသုံးသပ်ကြည့်နေတာပါ ဖြန့်တွေးနေတာပေါ့...
ပန်းခရေ။   ။သုံးသပ်လို့ ကုန်မှာ မဟုတ်ပါဘူး...

ကိုနေ   ။   ။အင်း ဟုတ်ပါတယ် ဒီလောက်ဆိုပဲ အတွေးထဲမှာ တစ်ခုခုကို ဝင်သွားပါပြီ သို့လောသို့လောပေါ့..
                   
              ကျနော်နဲ့ ကျနော်သူငယ်ချင်းတစ်ယောက် ဆွေးနွေးထားတာကို စာလုံးပေါင်းသတ်ပုံလေးပြင်ပြီး ဒီတိုင်းပြန်တင်ပေးလိုက်တာပါ...လူတိုင်းမှာ ခံယူချက်ကိုယ်စီ ရှိကြမှာပါ တူတာလဲ ရှိမယ် မတူတာလဲ ရှိမယ်ပေါ့..ခုဆွေးနွေးခဲ့တာကို ဖတ်ပြီး အချစ်(သို့)ဖူးစာ==သာတဲ့လူ(သို့)ဦးရာလူ ယေဘုယျ အများအားဖြင့် ညီ/မညီ သူငယ်ချင်းတို့ရဲ့ ဖြန့်ကျက်တွေးမှုနဲ့ ခံယူချက်လေးတွေကို Comment
ရေးပေးခဲ့ပါအုံးနော် မှတ်သားထားရအောင်ပေါ့~~~~~
                                                       သူငယ်ချင်းများကို လေးစားခင်မင်လျှက်

                                                                 ***ကိုနေ***